ဖောင်းဆိုင်မြို့ကို ညီနောင်မဟာမိတ် ၃ဖွဲ့ ထပ်မံသိမ်းပိုက်၊ သံချပ်ကာယာဉ် ၁ စီးဖျက်ဆီးနိုင်

By ဂျူချန်း၊ ရွှေနွယ်(မဇ္ဈိမ)
30 October 2023
ဖောင်းဆိုင်မြို့ကို ညီနောင်မဟာမိတ် ၃ဖွဲ့ ထပ်မံသိမ်းပိုက်၊ သံချပ်ကာယာဉ် ၁ စီးဖျက်ဆီးနိုင်
ပုံအညွှန်း-အောက်တိုဘာ ၂၉ ရက် စစ်ကောင်စီ၏မုံးကိုးဒေသရှိ တပ်စခန်းကို ညီနောင်သုံးဖွဲ့နှင့် မဟာမိတ်တပ်များ သိမ်းယူစဉ်(The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသရှိ ဖောင်းဆိုင်မြို့ကို ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ အောင်မြင်စွာသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး စာမျက်နှာ Operation 1027-3BHA ကထုတ်ပြန်သည်။ 

မုန်းကိုးဒေသအတွင်း ယနေ့ နံနက် ၈ နာရီ ၄၄ မိနစ်ခန့်မှစတင်၍ စစ်ကောင်စီ၏ တပ်စခန်းများကို ညီနောင်မဟာမိတ်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၂၆ မိနစ်ခန့်တွင် တပ်စခန်းပေါင်း ၁၂ ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ကြောင်းနှင့် ဖောင်းဆိုင်မြို့ကိုပါ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း Operation 1027-3PHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ချင်းရွှေဟော်မြို့နယ်အတွင်း အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားသောတိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို ပူးပေါင်းမဟာမိတ်အဖွဲ့က  တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယနေ့ညတွင် မူဆယ်မြို့ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်အနီးတွင်လည်း ပစ်ခတ်မှုများဖြစ်နေကြောင်းဒေသခံများကပြောသည်။

"ပွဲဖြစ်နေတယ်။  ၁၀၅ မိုင်ကလည်း ပစ်နေတယ်။  လွန်ခဲ့တဲ့တနာရီလောက်ပဲ။ အကြီးရော အသေးရော" ဟု မူဆယ်မြို့ဒေသခံတဦးက ယနေ့ည ၇ နာရီ ၃၀မိနစ်အချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

MNDAA၊ TNLA နှင့် AA တို့ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ ၂၇ ရက်နေ့မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်မြို့နှင့် သန္နီမြို့တို့ကို သိမ်းပိုက်ထားနိုင်ပြီး ယခုအခါ ဖောင်းဆိုင်မြို့ကို ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ဖောင်းဆိုင်မြို့သည် တရုတ်−မြန်မာ နယ်စပ်မျဉ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီနှင့် ဖောင်းဆိုင်ပြည်သူ့စစ် တပ်စွဲထားသည့်မြို့ဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly