KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ

By YT(မဇ္ဈိမ)
30 September 2023
KNU ဥက္ကဌဟောင်း အပါအဝင်ခေါင်းဆောင်ဟောင်းအချို့ စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံ
ပုံအညွှန်း- KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး စစ်ကောင်စီခေါင်းဆောင်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပုံ (ဓါတ်ပုံ- လူမှုကွန်ယက်)

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဟောင်း စောမူတူးစေးဖိုး အပါအဝင် KNU ဗဟိုခေါင်းဆောင်ဟောင်းအချို့ ယနေ့ စက်တင်ဘာလ ၃၀ ရက်တွင် နေပြည်တော်၌ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြသည်ဟု သိရသည်။

ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုကော်မတီဝင်ဟောင်း ပဒိုစောရောဂျာခင်၊ KNU တပ်မဟာ (၆) ခရိုင်ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းတို့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အခြားသော စစ်ကောင်စီလက်အောက်ခံ အရာရှိအချို့နှင့် တွေ့ဆုံခဲ့ကာ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသူများသည် KNU နှင့် ပတ်သက်မှု မရှိတော့ကြောင်း  KNU ဗဟို ပြောရေးဆိုခွင့်ရ ပဒိုစောတောနီးကပြောသည်။

 "လုံးဝ မပတ်သက်တော့ပါ" ဟု မဇ္ဈိမကို ၎င်းက ပြောသည်။

ပုံအညွှန်း- KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး စစ်ကောင်စီခေါင်းဆောင်နှင့် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပုံ (ဓါတ်ပုံ- လူမှုကွန်ယက်)

KNU နယ်မြေများတွင် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အဆိုပါ တိုက်ပွဲများနှင့် စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံ ၆၃၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ ကြောင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။  

"သူ့သဘောထားနဲ့ သူသွားတွေ့တာတော့ ဘာမှပြောစရာမရှိပါဘူး။ KNUနဲ့လည်းမဆိုင်ဘူးလေ KNUကိုယ်စားပြုသွားတာမဟုတ်တဲ့အတွက်ပြောစရာမရှိပါဘူး" ဟု KNU ဥက္ကဌဟောင်း၏ စစ်ကောင်စီခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့်ပတ်သက်၍ ကရင်လူငယ်တစ်ဦးက ၎င်း၏အမြင်ကို မှတ်ချက်ပြုသည်။

KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် ၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားပြု လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။

စာတည်း ။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required