မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ

By 007(မဇ္ဈိမ)
13 October 2023
မန္တလေးတွင် မိုးသည်းထန်စွာရွာ၍ မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့ ရေကြီးရေလျှံ
ပုံအညွှန်း- မန္တလေးမြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်နေသည်(ဓာတ်ပုံ- CJ)

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့၍  မြို့တွင်းလမ်းမကြီးများနှင့် မြို့သစ်ရပ်ကွက်တချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေ့လယ် ၁ နာရီအထိ ရေမကျသေးကြောင်း သိရသည်။

ယနေ့ နံနက် ၂ နာရီကျော်မှ နံနက် ၆ နာရီဝန်းကျင်အထိ  လေးနာရီကြာမိုးသည်ထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မြို့တွင်းတစ်လျှောက်၊ ၃၅ လမ်းနှင့် ၇၃ လမ်း၊ ၃၅ လမ်းနှင့် ၆၂ လမ်း၊ လမ်း ၃၀ ဘူတာကြီး ရှေ့၊ သိပ္ပံလမ်းနှင့် ၆၂ လမ်းဆုံရာမီးပွိုင့် ဝန်းကျင်တွင် ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။  ထို့ပြင် ၇၃ လမ်း(လမ်း ၃၀ နှင့် ၃၈ လမ်းကြား)၊ ၅၆ လမ်း၊ ၅၇ လမ်း၊ ၅၈ လမ်းတို့တွင်နှင့်  ၃၆ လမ်းမှ ၃၉ လမ်းကြားဝန်းကျင်နေရာများတွင်    ရေကြီးရေလျှံခဲ့ကြောင်း သိရသည်။

“အမေစု လက်ထက်တုန်းက မဖြစ်ဖူးဘူး။  ဒါတွေက အခုမှ စဖြစ်တာ။  အမေစုလက်ထက်တုန်းက၊ ချောင်းတွေဆို ရင် သန့်ရှင်းရေးအမြဲလုပ်တယ်။ အမှိုက်တွေဆယ်ပြီး အကျယ်ကြီးလုပ်ပစ်လိုက်တာ။  အဲဒီကျတော့ ရေစီးက သူ့ဟာနဲ့သူ အဆင်ပြေသွားတာ။  အပေါ်ကိုမတက်တော့ဘူး။  အခုကျတော့ ချောင်းဆယ်သူလည်း မရှိ မြောင်း ဆယ်သူလည်း မရှိဆိုတော့ ရေတွေအကုန်ဝင်ကုန်တာ။  ရေဝင်တဲ့ ရပ်ကွက်တွေမှာ ဘာကူညီကယ်ဆယ်ရေးမှ မရှိဘူး” ဟု ချမ်းမြသာစည်မြို့နယ်(မြို့သစ်) မြရည်နန္ဒာရပ်ကွက် ဒေသခံကပြောသည်။

အလားတူ၊ မြို့သစ် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် လည်း နေ့လယ်ပိုင်းအချိန်အထိ ရေပြန်ကျမသွားသေးကြောင်း ဒေသခံများကဆိုသည်။

မတ္တရာ၊ စဉ့်ကူးနဲ့တံတားဦးမြို့တို့တွင်လည်း အလားတူရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 မန္တလေးနှင့်အနီးတစ်ဝိုက်တွင်  လာမည့် ၂၄ နာရီအတွင်း နေရာကွက်ကြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင်ကြေညာထားသည်။

 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly