လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စော်ကားမှုများအား ထိရောက်သော အရေးယူမှုများ ရှိစေရန် တော်လှန်ရေးအင်အားစုများ တောင်းဆို

By 001(မဇ္စျိမ)
14 October 2023
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စော်ကားမှုများအား ထိရောက်သော အရေးယူမှုများ ရှိစေရန် တော်လှန်ရေးအင်အားစုများ တောင်းဆို
Photo - ပြီးခဲ့သည့် ရှစ်လေးလုံးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် အမျိုးသမီးအချို့အားတွေ့ရစဥ် (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

တော်လှန်ရေးကာလအတွင်း လိင်အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအား ထိရောက်တိကျသည့် အရေးယူမှုများရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများကို တော်လှန်ရေးအင်အားစုများက တောင်းဆိုလိုက်သည်။

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)၊ Blood Money Campaignတို့အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၂၀ ကျော်က အောက်တိုဘာလ ၁၂ ရက်တွင်  ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် “လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ”ကို ရေးဆွဲအတည်ပြုထားသော်လည်း လက်တွေ့အကောင်အထည်ဖော်နိုင်မှု အားနည်းချက်များကြောင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ခြင်းမရှိသည့်အပြင် နစ်နာသူများအား အကာအကွယ်ပေးနိုင်ခြင်းမရှိသေးသည်ကိုလည်း တွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)၊ အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် မနယုန်မိုးသွေးက” ထိရောက်တဲ့ အရေးယူမှုမရှိလို့လည်း ဒီဆင့်ပွားပြီးတော့မှ ဒီလိုအမှုကိစ္စတွေက ထပ်ထပ်ပြီး ကြားနေရတာဖြစ်တယ်။ Case တွေက အများကြီးရှိတယ်။ ရှေ့မှာဆိုရင် လွန်ခဲ့တဲ့နှစ်တွေကနေပြီး ကျူးလွန်ခံရတဲ့ ချောင်းဦးဘက်က မုဒိန်း Case လိုဟာမျိုးတွေ ပြီးရင် မကွေးတိုင်းမှာလည်း ကြားရတယ်။ မဲဆောက်ဘက်မှာလည်း ကြားလိုက်ရတယ်။ ဒီကြားလိုက်ရတဲ့ အမှုကိစ္စတွေအကုန်လုံးက ဒါတောင်မှ လူမှုကွန်ရက်မှာ အများသိလိုက်ရတဲ့အဖြစ်တွေပေါ့။ ဒီလိုမျိုးလူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်သိလိုက်ရတဲ့ကိစ္စတွေတောင် ထိထိရောက်ရောက်ဖြေရှင်းနိုင်တယ်ဆိုတဲ့ဟာမျိုးကို မကြားရဘူးဆိုတော့ လူမသိသူမသိကျူးလွန်ခံရတဲ့ Case တွေဆိုရင် ပိုပြီးဆိုးသွားနိုင်တယ်”ဟုဆိုသည်။

ထို့ကြောင့်  NUG အနေဖြင့် လက်ရှိ ကြားကာလတွင်သာမက နောင်အသွင်ကူးပြောင်းရေးကာလတွင်လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာပြုခြင်းခံရသူများအား အကာအကွယ်ပေးခြင်း၊ ကျူးလွန်စော်ကားသူများကို ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းနှင့် ထိုကဲ့သို့သော ဖြစ်ရပ်များနောင်တွင်မဖြစ်ပွားစေရေး ထိန်းကျောင်းရန် လိုအပ်ကြောင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ကျူးလွန်သူသည် တော်လှန်ရေးအဖွဲ့အစည်းများမှသော်လည်းကောင်း၊ ကြားကာလအုပ်ချုပ်ရေးယန္တရားများမှ သော်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားသော်လည်းကောင်းဖြစ်နေပါကလည်း ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူနိုင်ရန်မှာ ၎င်းရှိနေသော အဖွဲ့အစည်း၌သာမက တော်လှန်ရေးအင်အားစုများအားလုံး၌ တာဝန်ရှိကြောင်း ထောက်ပြထားသည်။

NUG အပါအဝင် အဖွဲ့အစည်းအသီးသီးအနေဖြင့် လူမှုကွန်ရက် စာမျက်နှာ ၊ ပြင်ပသို့ ပျံ့နှံ့လာသည့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း၊ မဖွယ်မရာ ပြုခြင်းများအပြင် နောက်ထပ် မပျံ့နှံ့သေးသော အလားတူဖြစ်စဉ်များကို ဖုံးကွယ်ပြီး လျစ်လျူရှုထားခြင်းမှာ မသင့်တော်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားတွေ နယ်မြေတွေမှာဆိုရင်လည်း  ပူးပေါင်းဆောင်ရွက်ဖို့ မတုံ့ဆိုင်းသင့်ဘူး။ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများကြီးရှိတယ် ဆိုတော့ အားလုံးပူးပေါင်းဆောင်ရွက်လို့ရတဲ့အနေအထားမှာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့သူတွေရော ပူးပေါင်းဆောင်ရွက်ဖို့ ဒီအမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်”ဟု မနယုန်မိုးသွေးက ပြောသည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်း၊ ကျူးလွန်ခံရသူများအနေဖြင့် နှုတ်ဆိတ်မနေဘဲ ရဲဝင့်စွာပြောနိုင်ရန် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းနှင့် ဆွေးနွေးပွဲများကို အခါအားလျော်စွာ ပြုလုပ်ပေးခြင်း၊ အဆိုပါဖြစ်စဉ်များကို တိုင်ကြားနိုင်ရန် အကာအကွယ်ရေး ပလက်ဖောင်းတရပ် ၊ ကော်မတီတရပ်ဖွဲ့စည်းခြင်း၊ စိတ်ချလုံခြုံရသော Hotline တခုဖန်တီးပေးခြင်းတို့ ပြုလုပ်ရန်လည်း လိုအပ်သည်ဟု တော်လှန်ရေးအင်အားစုများက အကြံပြုထားသည်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်းအမှုများနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူမှုရှိ၊ မရှိကို တာဝန်ရှိသူများအနေဖြင့် ပြည်သူလူထုထံသို့ ချပြန်ရန်လည်း တောင်းဆိုထားသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly