သရက်ချောင်းမြို့ ရငဲရွာ စစ်ရှောင် ဒေသခံ အချို့ နေအိမ်သို့ အဝတ်အစား ပြန်ယူစဥ် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

By ကိုရွှေမြိတ် (မဇ္ဈိမ)
06 August 2023
သရက်ချောင်းမြို့ ရငဲရွာ စစ်ရှောင် ဒေသခံ အချို့ နေအိမ်သို့ အဝတ်အစား ပြန်ယူစဥ် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

စစ်ရှောင်နေရသည့် ရငဲရွာသား အချို့ နေအိမ်သို့ ပြန်ကာ အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းယူစဉ် စစ်ကောင်စီတပ်က ရိုက်နှက်ကာ ဖမ်းဆီးထားကြောင်း ဒေသခံထံက သိရသည်။ 

တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် ဩဂုတ်လ ၅ ရက်နေ့ မွန်းလွှဲပိုင်းက အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံစစ်ရှောင်များကဆိုသည်။ 

 ရငဲရွာ ဒေသခံ စစ်ရှောင်တစ်ဦးက " မိုးတွင်းကာလဆိုတော့ အဝတ်အစားတွေ မရှိလို့ အိမ်ပြန် သွားယူ ကြတာပါ။ စစ်သားတွေက  တွေ့ရှိ ဖမ်းဆီးပြီး ဒူးထောက်ခိုင်းထားတယ်။ ရိုက်နှက်ပြီးတော့ အမျိုးသမီးတွေကိုတော့ ပြန်လွတ်လိုက်တယ်"ဟု ပြောသည်။

လက်ရှိတွင် အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားသုံးဦးကိုဖမ်းဆီးထားကြောင်း သိရသည်။  ၎င်းတို့ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်များကို ကားနှင့် သယ်ဆောင်သွားကြောင်း၊  ထိုအမျိုးသားသုံးဦးအား သရက်ချောင်း အခြေစိုက် ခမရ-( ၄၀၃) တပ်ရင်းသို့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

သရက်ချောင်းမြို့၊ ရငဲရွာရှိ မြွေတောင်ပေါ်တွင် စစ်ကောင်စီ  တပ်သားများ တပ်စွဲ ထားသည်မှာ နှစ်လကျော် ရှိနေရှိပြီ ဖြစ်သည်။ ရငဲရွာ ဒေသခံများ  နေအိမ်သို့ ခေတ္တ ပြန်လာစဥ် စစ်ကောင်စီက ဖမ်းဆီး ပစ်သတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required