မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး 

By ကချင်လေး (မဇ္ဈိမ)
25 September 2023
မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရပြီး တရုတ်ထုတ် F-7 လေယာဉ် ၂ စီး ပျက်စီး 
ပုံညွှန်း - ရှော့တိုက်ဒုံးကိုတွေ့ရစဉ် (ဓာတ်ပုံ- ပုံဟောင်း)

ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့ရှိ အမှတ်(၅၀၃)လေတပ်ဌာနချုပ်ကို KIA နှင့် ပြည်သူ့ကာကွယ် ရေး(KPDF)ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်းက ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာမှာ F-7 အမျိုးအစား တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းရင်းမြစ်နှင့် KIA ရှေ့တန်းသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။

စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးမြို့ (ဒေသအခေါ် နမ့်ပေါင်လေတပ်စခန်း) အထွက်ရှိ မြစ်ကြီးနားလေတပ်စခန်းကို KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၁၀၇ မမရှော့တိုက်ဒုံးထိမှန်ခြင်းကြောင့် စစ်တပ်လေတပ်စခန်းအတွင်းရှိ ဆီဖြည့်နေသော တရုတ်နိုင်ငံ ထုတ်  F-7 အမျိုးအစား ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်နှစ်စီး မီးလောင်ပျက်စီးသွားကြောင်းး KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောသည်။

“နမ့်ပေါင်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးနဲ့ပစ်ခတ်ခဲ့တာပါ၊ ပစ်မှတ်တွေ လွဲချော်တာမျိုး မရှိဘဲ ဒုံးလေးလုံးစလုံး လေတပ်စခန်းထဲပဲကျတယ်၊ ဒုံးထိမှန်လို့ F-7 အမျိုးအစား ဂျက်ဖိုက်တာနှစ်စီး မီးလောင်ပျက်စီးသွားတယ်။ အဲ့ဒီ ဂျက်ဖိုက်တာတွေကို  ဆီဖြည့်နေချိန်ဖြစ်သွားတာလို့ သိရတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

KIA နှင့် KPDF အထူးလှုပ်ရှားတပ်ဖွဲ့က မြစ်ကြီးနားလေတပ်စခန်းကို ပစ်ခတ်ရန် အချိန်ယူလေ့လာကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းရှိ လေကြောင်းဆက်သွယ်ရေးရုံး အဆောက် အဦးလည်း ဒုံးထိမှန်ခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုသည်။

မြစ်ကြီးနာမြို့ အမှတ်(၅၀၃) လေတပ်ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစုံ တရာထုတ်ပြန်ထားသည်ကို မတွေ့ရသေးဘဲ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှုကို မဇ္ဈိမကဆက် လက်စုံစမ်းနေဆဲ ဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနနှင့် မှတ်တမ်းဌာန၏ ပြုစုချက်အရ စစ်ကောင်စီတပ်တွင် လေတပ်စခန်းဌာနချုပ် ၁၈ ခုရှိပြီး ပြုပြင်ထိန်းသိမ်းရေးနှင့် လေကြောင်းအတတ် သင်လေတပ်စခန်း၊ မြေပြင်အတတ်သင်လေတပ်စခန်း၊ လေယာဉ်ထုတ်လုပ် ပြုပြင်ရေးဌာနချုပ်များ ပါဝင်သည်။

အဓိက လေတပ်စခန်းဌာနချုပ်များမှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ တောင်ငူ၊ နမ့်စန်၊ မိတ္ထီလာ၊ မြိတ်၊ ပုသိမ်၊ တံတားဦး၊ မကွေးတို့ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့တို့တွင်လည်း လေတပ်စခန်းများ တိုးချဲ့ဖွင့်လှစ်ထားသည်။

၁၀၇ မမ ရှော့တိုက်ဒုံးများကို တိုင်းရင်းသားလက်နက်ကိုင်များက ကိုးကန့်စစ်ပွဲတွင် စတင်သုံးခဲ့ခြင်းဖြစ် ပြီး ၂၀၁၉ ခုနှစ်ကဖြစ်ပွားသည့် ပြင်ဦးလွင်မြို့အခြေစိုက် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းကို ပစ်ခတ်ရာတွင် ယင်းရှော့တိုက်ဒုံးများကို သုံးခဲ့သည်။

ယခင်က ရှော့တိုက်ဒုံးများကို သဲအိတ်များပေါ်တင်ကာ ပစ်ခတ်ကြသော်လည်း ယခုနောက်ပိုင်း ဒုံးပစ်စင် ဖြင့် ပစ်မှတ်ကိုပိုမိုသေချာအောင်ပစ်ခတ်နိုင်သည့်အနေအထားရှိလာသည်ကိုတွေ့ရကြောင်း စစ်ရေးအကဲ ခတ်များက ပြောသည်။

စာတည်း။ ‌။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required