ထိုင်းအလုပ်သမားများ ဆက်ရှိနေရန် အစ္စရေး လုပ်ငန်းရှင်များက လုပ်ခကို နောက်ကျပြီး ပေးဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းအလုပ်သမားများ ဆက်ရှိနေရန် အစ္စရေး လုပ်ငန်းရှင်များက လုပ်ခကို နောက်ကျပြီး ပေးဟု ထိုင်းဝန်ကြီးချုပ် ပြော
Photo-AFP

ဘေးအန္တရာယ်များသော ကာလအတွင်း၌ ထိုင်းအလုပ်သမားများအပေါ် အမြတ်ထုတ်ခြင်း ရပ်တန့်ရန် အစ္စရေး လုပ်ငန်းရှင်များကို ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တောင်းဆိုလိုက်သည်။ ဘေးကင်းမှုနှင့် ပတ်သက်သော ကြီးထွားလာသည့် စိုးရိမ်ပူပန်မှုများကြားတွင် ထိုင်းအလုပ်သမားများ ဆက်လက် ရှိနေစေရေးအတွက် အစ္စရေးလုပ်ငန်းရှင်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ခလစာ ပေးရမှုကို ရွှေ့ဆိုင်းထားကြကြောင်း ၎င်းက စွပ်စွဲသည်။

ထိုကိစ္စရပ်အား ဆွေးနွေးရန်အတွက် အစ္စရေး သံအမတ်ကြီး အော်နာဆာဂျစ်နှင့် တနင်္လာနေ့က ဆက်သွယ်ပြောဆိုခဲ့ကြောင်း သီတင်းပတ်တာ ကက်ဘိနက်အစည်းအဝေး မတိုင်ခင် သတင်းမီဒီယာသို့ အသက် ၆၁ နှစ်အရွယ် ဝန်ကြီးချုပ်က ပြောသည်။

ထိုင်းအလုပ်သမားများကို ဆွဲထားနိုင်ရေး နည်းဗျူဟာတရပ်အနေဖြင့် အစ္စရေးတို့သည် လုပ်ခ တိုးပေးခြင်းနှင့် လုပ်ခ ပေးချေမှုကို နိုဝင်ဘာ ၁၀ ရက်အထိ ရွှေ့ဆိုင်းခြင်းများကြောင့် စိုးရိမ်ပူပန်နေရသည်ဟု ဝန်ကြီးချုပ် ဆရတ်သာက ထုတ်ဖော်ပြောဆိုသည်။

“ထိုင်းနိုင်ငံသားတွေရဲ့ အသက်ဘေး စိုးရိမ်နေရချိန်မျိုးမှာ ဒါမျိုးကိုတော့ လက်မခံနိုင်ဘူး”ဟု ၎င်းက ပြောသည်။

ယခု စွပ်စွဲပြောဆိုမှုများကို သတိထားမိပြီး စုံစမ်းစစ်ဆေးသွားမည်ဟု အစ္စရေး အမျိုးသမီး သံအမတ်ကြီး ဆာဂျစ်က တုံ့ပြန်ပြောဆိုခဲ့ကြောင်း ဆရတ်သာက ထပ်လောင်းပြောသည်။

အချို့သော ထိုင်းအလုပ်သမားများသည် ၎င်းတို့ အလုပ်အကိုင်၏ ဘဏ္ဍာရေးအရ အရေးပါမှုကြောင့် အစ္စရေးမှာပင် ဆက်လက်နေထိုင်ရန် ရွေးချယ်ကြကြောင်း ဝန်ကြီးချုပ် ဆရတ်သာက အသိအမှတ်ပြု လက်ခံသည်။ သို့ရာတွင် ထိုင်းအလုပ်သမားများအားလုံး ဘေးကင်းစွာဖြင့် နိုင်ငံဆီ ပြန်လာရန် လိုလားကြောင်းကို ၎င်းက အလေးထား ပြောဆိုသည်။ အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင်လည်း သင့်တော်သည့် လုပ်ခလစာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း ၎င်းက အာမခံသည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း၌ ဟားမတ်စ်တို့၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံရသော ထိုင်းနိုင်ငံသား ၁၉ ဦး၏ ကံကြမ္မာက မရေမရာ ရှိနေသည်ဟုလည်း ဝန်ကြီးချုပ်က အသားပေး ပြောဆိုသည်။

ထိုင်းအလုပ်သမားများအား လုပ်ခလစာ ပေးရာတွင် ရည်ရွယ်ချက် ရှိရှိ နှောင့်နှေးထားသည်ဆိုသော စွပ်စွဲချက်များကို အစ္စရေးသံရုံးက မနေ့က ထုတ်ပြန်ချက်၌ ငြင်းဆိုထားသ်။ ထိုင်းအလုပ်သမားများ ကိုယ်တိုင်က ပုံမှန် ရနေကြနေ့ထက် လွယ်ကူအဆင်ပြေမည့် နေ့တွင် လုပ်ခလစာ ရလိုကြသည့် ဆန္ဒအားဖြင့်သာ လစာပေး နှောင့်နှေးရခြင်း ဖြစ်သည်ဟု ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly