အိန္ဒိယက ပါလက်စတိုင်းသို့ ဆေးဝါးအကူအညီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

အိန္ဒိယက ပါလက်စတိုင်းသို့ ဆေးဝါးအကူအညီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

အိန္ဒိယနိုင်ငံသည် ပါလက်စတိုင်းပြည်သူများအတွက် ဆေးဝါးအကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။

ဆေးဘက်ဆိုင်ရာ အထောက်အပံ့များတွင် အရေးကြီးသော အသက်ကယ်ဆေးဝါးများနှင့် အရေးပေါ်ဆေးကုသမှုဆိုင်ရာ အခြေအနေများကို ကိုင်တွယ်ရာတွင်လိုအပ်သည့် အကာအကွယ်နှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပါဝင်သည်။ ဆေးဝါးထောက်ပံ့မှုအပြင် ဒဏ်ရာရသူများအား စောင့်ရှောက်မှုအစီအစဉ်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်ဟု ဆိုသည်။

အရေးပေါ်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွင် ဆေးရည်များနှင့် အကိုက်အခဲပျောက်ဆေးများလည်း ပါဝင်သည်။ 

"အိန္ဒိယက ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာတဲ့အကူအညီတွေ ပေးပို့ထားပါတယ်။ ပါလက်စတိုင်းပြည်သူတွေအတွက် ဆေးဝါးအကူအညီ ၆ ဒသမ ၅ တန်နီးပါးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း ၃၂ တန် တင်ဆောင်ထားတဲ့ IAF C-17 လေယာဉ်ဟာ  အီဂျစ်နိုင်ငံ အဲလ်အာရစ်ရှ် လေဆိပ်ဆီထွက်ခွာသွားပါပြီ။ ပို့လိုက်တဲ့ပစ္စည်းတွေထဲမှာ လိုအပ်တဲ့ အသက်ကယ်ဆေး၊ ခွဲစိတ်ခန်းသုံးပစ္စည်း၊ ရွက်ဖျင်တဲ၊ အိပ်ရာလိပ်၊ တာပေါ်လင်၊ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ရေသန့်ဆေးပြားများတွေ ပါဝင်ပါတယ်” ဟု အာရင်ဒမ်ဘာချီက တွစ်တာတွင် ရေးသားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အိန္ဒိယသည် ပါလက်စတိုင်းသို့ လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခဲ့သည်။ ဟားမတ်စ်က အစ္စရေးအား အောက်တိုဘာ ၇ ရက်က ရှောင်တခင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးက ဟားမတ်စ်ကို တန်ပြန်ထိုးစစ် စတင်ခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများတင်ဆောင်လာသည့် ကုန်တင်ကားအစီးရေ ၂၀ ခန့်ကို အီဂျစ်နိုင်ငံ ရာဖာနယ်စပ်မှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ အောက်တိုဘာ ၂၁ ရက်က ဝင်ရောက်ခွင့်ပြုခဲ့သည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒ်နွမ်ဂေဘရေယယ်ဆွတ်က လူပေါင်း ၂ သန်းကျော်ရှိသော အသိုက်အဝန်းအတွက် လိုအပ်ချက်များ ရှိနေသေးကြောင်း သတိပေးခဲ့သည်။

ဥရောပကော်မရှင် အကြီးအကဲ အာဆူလာဗွန်ဒါလီယန်က အိန္ဒိယ၏ကူညီထောက်ပံ့မှုအား အပြစ်မဲ့ပြည်သူများ၏ ဆင်းရဲဒုက္ခကို သက်သာရာရစေမည့် အရေးကြီးသော ပထမခြေလှမ်းဟု ချီးကျူးခဲ့သည်။

အာဆူလာက "လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ဂါဇာကမ်းမြောင်ဆီသွားဖို့ ရာဖာနယ်စပ်ကို ဖွင့်ပေးတာကို ကြိုဆိုပါတယ်။ ဒါဟာ အပြစ်မဲ့ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို သက်သာစေမယ့် အရေးကြီးတဲ့ ပထမခြေလှမ်းပါ။ ဒီလိုဖြစ်မြောက်အောင် လုပ်ပေးခဲ့တဲ့ ပါဝင်ပတ်သက်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။" ဟု ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အောက်တိုဘာ ၁၉ ရက်ထုတ်ပြန်ချက်တွင် ကနဦးစောင့်ရှောက်မှု အဆောက်အအုံ ၆၀ ရာခိုင်နှုန်းကျော်ကို ပိတ်ထားရပြီး ဂါဇာကမ်းမြောင်ရှိ ဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ အဆိုပါအကျပ်အတည်းသည် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထူးကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများ ဆိုးဆိုးရွားရွား ရှားပါးမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required