လျှပ်စစ်ကား ကုမ္ပဏီများကို မက်လုံးပေး ဆွယ်ရန် အင်ဒိုနီးရှား စဉ်းစား 

By Jakarta Globe
26 October 2023
လျှပ်စစ်ကား ကုမ္ပဏီများကို မက်လုံးပေး ဆွယ်ရန် အင်ဒိုနီးရှား စဉ်းစား 
Photo: AFP

အင်ဒိုနီးရှားနိုင်ငံအတွင်း၌ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရေးအတွက် လျှပ်စစ်ကား ကုမ္ပဏီများကို ဆွယ်နိုင်ရန် မက်လုံးပေးသွားရေးအတွက် စဉ်းစားသုံးသပ်လျက် ရှိကြောင်း အင်ဒိုနီးရှား အစိုးရက မကြာသေးခင်က ပြောသည်။ 

အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတွင်း၌ လျှပ်စစ်ကား (EVs) များ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ရေးအတွက် ကားထုတ်လုပ်သူများကို ဆွဲဆောင်လျက် ရှိနေသည်။ ပြည်တွင်းပါဝင်မှု လိုအပ်ချက်ဟု သိကြရသော မူဝါဒသည် ပြည်တွင်း စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေးအတွက် ရည်ရွယ်သည်။ 

သို့ရာတွင် အဆိုပါ မူဝါဒ၌ ဆွဲဆောင်နိုင်သည့် လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီမှာ တောင်ကိုရီးယားမှ Hyundai နှင့် တရုတ်မှ Wuling ကုမ္ပဏီတို့သာ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းဆောင်ရွက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရတ်ရှ်မတ်ကိုင်မူဒင်က ပြောသည်။ 

“လျှပ်စစ်ဆိုင်ကယ်နဲ့ ကားတွေ ထုတ်လုပ်သူတွေကို မက်လုံးတွေ ပေးဖို့ ကျွန်တော်တို့ စဉ်းစားနေတယ်၊ ဒါပေမဲ့ လျှပ်စစ်ကားကတော့ အဓိက ကျတာပေါ့၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ လျှပ်စစ်ဆိုင်ကယ် ထုတ်လုပ်သူတွေက တော်တော်များများ ရှိထားပြီးလို့ပဲ၊ ဒါကြောင့် လျှပ်စစ်ကား ထုတ်လုပ်သူတွေအနေနဲ့လည်း အင်ဒိုနီးရှားမှာ ထုတ်လုပ်ဖို့က အဆင်ပြေလိမ့်မယ်”ဟု ဂျကာတာတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် 2023 BNI ရင်းနှီးမြှုပ်နှံသူများ အစည်းအဝေး၌ ရတ်ရှ်မတ်က ပြောသည်။ 

“လျှပ်စစ်ကားတွေအတွက်တော့ ပြည်တွင်းလိုအပ်ချက်၌ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ Hyundai နဲ့ Wuling တို့ ရှိနေတယ်၊ ဒီလို နိုင်ငံတွင်းမှာ လာရောက်ထုတ်လုပ်မယ့် လျှပ်စစ်ကား ကုမ္ပဏီတွေကို ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ အခုနှစ်ကုန်လောက်မှာတော့ မက်လုံးပေး ဆွယ်သွားဖို့ ရှိပါတယ်”ဟု ရတ်ရှ်မတ်က ပြောသည်။ 

အစီအစဉ်မှာ ဆွေးနွေးဆဲပဲဖြစ်၍ မက်လုံး မည်သို့ ပေးမည်နည်းဆိုခြင်းကိုမူ ရတ်ရှ်မတ်က ထင်မြင်ချက် ပေးခြင်း မရှိပေ။ 

“ဒီ ဘဏ္ဍာရေးဆိုင်ရာ မက်လုံးတွေကြောင့် လျှပ်စစ်ကားကုမ္ပဏီတွေဟာ အင်ဒိုနီးရှားမှာ စက်ရုံလာဖွင့်ဖို့ ရှိလာမှာပါ”ဟု ဖိုရမ်ပြီးပြီးချင်း သတင်းထောက်များအား ၎င်းက ပြောခဲ့သည်။ 

လျှပ်စစ်ကား ခေတ်က ဖြစ်လာတော့မည်မှာ မလွဲဧကန်ပင် ဖြစ်သော်လည်း အင်ဒိုနီးရှားတွင် လျှပ်စစ်ကားလုပ်ငန်း ဖြစ်ထွန်းရန်အတွက် ခိုင်မာအားကောင်းသော စည်းမျဉ်းအခြေခံ မူဘောင်များ မရှိမဖြစ် လိုအပ်ကြောင်း EV ဖြန့်ဖြူးရေး ကုမ္ပဏီ VKTR Mobility ၏ တာဝန်ရှိ အကြီးအကဲ အန်နန်ဒယာ ဘတ်ကရီက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required