ထောက်ပို့ရထားသွားနိုင်ရေး လမ်းပြင်နေသည့် စစ်ကောင်စီတပ်က အရပ်သားများအား လူသားတံတိုင်းလုပ်နေဟုဆို

By ပါခွီး (မဇ္စျိမ)
26 October 2023
ထောက်ပို့ရထားသွားနိုင်ရေး လမ်းပြင်နေသည့် စစ်ကောင်စီတပ်က အရပ်သားများအား လူသားတံတိုင်းလုပ်နေဟုဆို

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အတွင်း မန္တလေး-‌မြစ်ကြီးနားရထားလမ်းပိုင်းအား ပြင်ဆင်ရန်ကြိုးစားနေသည့်  စစ်ကောင်စီတပ်က ဒေသခံများအား လူသားတံတိုင်းအနေဖြင့် ဖမ်းဆီးနေ၍ သတိပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များကသတိပေးသည်။

" စစ်ကောင်စီတပ်က သူတို့ လက်နက်ထောက်ပို့ရထားသွားဖို့  ရထားလမ်းကို ပြင်တယ်။ ရသလောက် ရှေ့တိုးတယ်။ ပြင်တဲ့ပတ်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးတယ်။ ဒေသခံတွေကို ဖမ်းပြီး လူသားတံတိုင်းလုပ်တယ်။ ဒါကြောင့် အမြဲတစေ သတိထားနေကြရတယ်" ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၄ရက်နေ့ နံနက်တွင် ဝက်လက်မြို့နယ် ဝက်လက်ရွဲရွာမှ ဒေသခံ ၁၅ဦးကို ဖမ်းဆီးခဲ့ပြီး ဘူတာရုံ၌ ခေါ်ဆောင်ထားခဲ့ကြောင်း သိရသည်။  လူသားတံတိုင်းအနေဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး ညနေဘက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဝက်လက်မြို့ခံတဦးကပြောသည်။

" ရထားလမ်းဘေးက ရွာတွေကို ဝင်ဖမ်းတာပဲ။ မိုင်းရှင်းရင်လည်း ဖမ်းထားတဲ့အရပ်သားတွေကို ရှေ့ကသွားခိုင်းပြီး ရှင်းတာ" ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည်မန္တလေး-‌မြစ်ကြီးနားရထားလမ်းမှတဆင့် လက်နက်ခဲယမ်းထောက်ပို့ရထား သွားနိုင်ရန် ကြိုးစားနေပြီး ရွှေဘိုနှင့် ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  တားဆီးရန်ကြိုးပမ်းနေသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ရက်နှင့် ၂၃ရက်တွင် ဝက်လက်မြို့နယ်၊ ပြွန်ကြီးရွာအနီး၌ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရထားလမ်းပြင်နေသည့် အဖွဲ့ကိုလုံခြုံရေးယူပေးနေသည့် စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့်ထိခိုက်မှုအသေးစိတ်ကို မသိရသေးဟု စစ်ကိုင်းခရိုင် တပ်ရင်း(၂) တာဝန်ခံက မဇ္စျိမ ကိုပြောသည်။

ထိုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၂) တပ်ရင်း တပ်ခွဲ(၁) ၊ စစ်ကိုင်း မြို့နယ် ပကဖ ၊ ပဒူတိုက်နယ် ပကဖ ၊ ရွှေဘိုခရိုင်တပ်ရင်း (၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရထားလမ်းတလျောက်နေ ပြည်သူများအနေဖြင့် လုံခြုံရေး ၊ ကာကွယ်ရေးသတိဖြင့် နေထိုင်ကြရန် ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly