ဒုတိယအကြိမ်”ဘူး" သပိတ်ပါဝင်ရန်  ရွာပေါင်းစုံသပိတ် လှုံ့ဆော်ချီတက်

By ပါခွီး (မဇ္စျိမ)
26 October 2023
ဒုတိယအကြိမ်”ဘူး" သပိတ်ပါဝင်ရန်  ရွာပေါင်းစုံသပိတ် လှုံ့ဆော်ချီတက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာ ရှင်ဆန့်ကျင်ရေးနှင့် စစ်ကောင်စီထံစီးဆင်းနေသည့် ငွေကြေးများဖြတ်တောက်ရန် အတွက် ဒုတိယအကြိမ် “ဘူး”တွင် ပါဝင်သပိတ်မှောက်ကြရန် လှုံ့ဆော်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်ကောင်စီနှင့် ဆက်စပ်နေသည့် လုပ်ငန်းများမှ ရရှိလာသောဝင်ငွေများကိုအသုံးပြုကာ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်မှုများ ရပ်ဆိုင်းနိုင်ရေးအတွက် သွေးစွန်းငွေဖြတ်တောက်ရေး “ဘူး” သပိတ်တွင် ပါဝင်ကြရန် လှုံ့ဆော်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပတ်သက်နေသည့် လုပ်ငန်းများဖြစ်သော “အောင်ဘာလေထီ” မထိုးရန် ၊ ယာဥ်လိုင်းများဖြစ်သည့် “ရွှေမန်းသူ ၊ ရွှေမြိုင်သူ ၊ သန်မြန်သူ ၊ ပုသိမ်သူ ၊ ရှမ်းမလေး စသော ယာဥ်လိုင်းများ မစီးကြရန်နှင့် “နန်းမြိုင်တံဆိပ်ပါ ကော်ဖီ ၊ တီးမစ် ၊ ရွှေဖီဦးတံဆိပ်ပါ လက်ဖက်ခြောက်” တို့ကို မသုံးစွဲကြရန် ပြည်သူများကို အသိပေးတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထုတ်ကုန်များမသုံးစွဲခြင်းဖြင့် ပြည်သူ့အသက်များကို ကာကွယ်ပြီး နွေဦးအောင်ပွသို့ ရဲရဲချီတက်ကြရန် တိုက်တွန်းနှိုးဆော်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြကြောင်းသိရသည်။

ပထမအကြိမ် “ဘူး” သပိတ်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် မြန်မာဘီယာ အပါအဝင် အရက်အဖျော်ယမကာများ ရောင်းဝယ်ဖောက်ကားသောက်သုံးခြင်းများကို ဆန့်ကျင့်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၉၄၇ ရက်မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required