ပုသိမ်မြို့ မီးလောင်မှုတွင် အော်တစ်ဇင် မိန်းကလေး သေဆုံး

By မင်းထက် (မဇ္စျိမ)
26 October 2023
ပုသိမ်မြို့ မီးလောင်မှုတွင် အော်တစ်ဇင် မိန်းကလေး သေဆုံး
ဓာတ်ပုံ- မီးလောင်မှုမြင်ကွင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်(ပန်းတင်ကုန်းရပ်ကွက်) ၊ဝဏ္ဏသိင်္ဂီလမ်း၊ ရထားဘူတာအနီးရှိ ဆိုင်ခန်းတခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အော်တစ်ဇင်( ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းရောဂါ) မိန်းကလေးတဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၇ နာရီ ၅၅ မိနစ်ခန့်အချိန်က ပန်းတင်ကုန်းရပ်ကွက် ဆိုင်ခန်းအမှတ် (၁၇၉)တွင် အသက် ၁၃ နှစ်အရွယ် အော်တစ်ဇင် မိန်းကလေးတဦး ဂတ်စ်မီးခြစ်ဖြင့် ဆော့ကစားရာမှ မွေ့ယာသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မီးလောင်မှုကြောင့် အော်တစ်ဇင်ဖြစ်နေသူ မစံခွား(ခ)ဒူးယိမ်းထက်ဆိုသူ သေဆုံးခဲ့သည့်အပြင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းအမှတ် (၁၇၉)နှင့် ဘေးကပ်လျှက်ဆိုင်ခန်းဖြစ်သည့် ဆိုင်ခန်းအမှတ်(၁၇၈)တို့မီးလောင်ကျွမ်းခဲ့သည်ဟု ၎င်းကဆိုသည်။

"မီးလောင်တာက အချိန်အများကြီးမကြာဘူး။တခြား ဘေးဆိုင်ခန်းတွေကိုလည်း မီးဟပ်တာလောက်ပဲရှိတယ်။ပန်းတင်ကုန်းတို့ ဘူတာတို့ဆိုတာ အရန်မီးသတ်အတော်များတဲ့ ရပ်ကွက်တွေပါ။ ပြီးတော့ မီးလောင်တဲ့နေရာနဲ့ အရန်မီးသတ်ရုံးကနီးနီးလေး လှမ်းအော်ရင်တောင်ကြားရတယ်။ လူက မသေသင့်ဘဲ သေရတာလို့ထင်တယ်"ဟု ပုသိမ်ဘူတာအနီး နေထိုင်သည့် ဒေသခံတဦးက မဇ္စျိမကိုပြော သည်။

မီးလောင်သေဆုံးခဲ့သည့် မိန်းကလေးမှာ အော်တစ်ဇင် တဦးဖြစ်ပြီး ပိုလီယိုရောဂါရှိသူဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် အဆိုပါ မိန်းကလေးသေဆုံးနေပြီဖြစ်ကြောင်း ဒေသခံက အတည်ပြုပြောဆိုသည်။

မီးစတင်လောင်ကျွမ်းပြီး မိနစ်အနည်းငယ်တွင် မီးသတ်ဦးစီးဌာနနှင့် မြို့မလူမှုကူညီရေးမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဥ်များရောက်ရှိလာကာ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ၏ပြောပြချက်အရ သိရသည်။

"အဓိကကတော့ ကလေးတွေ ၊ ဒီလိုရောဂါခံစားနေရတဲ့ လူတွေရဲ့အနီးမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေမထားသင့်ပါဘူး။ ပေါ့ဆမှုကြောင့် လူမသေသင့်ဘဲ သေဆုံးရတာတွေဖြစ်တာ။ မီးလောင်ရင် အရေးယူခံရတာထက် ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ လူ့အသက်တွေက အရင်ဆုံးရှုံးရတာပါ။ ဒါကြောင့် သတိထားဖို့လိုပါတယ်။ စျေးဆိုင်တွေဆိုရင်လည်း မီးသတ်ဆေးဗူးဆောင်ထားသင့်ပါတယ်"ဟု မီးပေါ့ဆမှုနှင့်ပတ်သက်၍ ပုသိမ်မြို့၊ လူမှုကူညီရေးအသင်းဝင်တဦးက ဝေဖန်သုံးသပ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly