ဝက်လက်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေးအဖွဲ့များတားဆီး၊တိုက်ပွဲပြင်းထန်နေ

By ရွှေနွယ်( မဇ္ဈိမ )
07 September 2023
ဝက်လက်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေးအဖွဲ့များတားဆီး၊တိုက်ပွဲပြင်းထန်နေ
ပုံအညွှန်း - ယနေ့နေ့လည်ပိုင်းတွင် ဖိုဝင်းတပ်ကျေးရွာအားစစ်ကောင်စီတပ်မှမီးရှို့ဖျက်ဆီးနေပုံ (Wetlet Information Network)

မန္တလေး-‌မြစ်ကြီးနားရထားလမ်းမှတဆင့် သယ်ဆောင်ရန် ကြိုးစားနေသည့်  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများထောက်ပို့ရထားကို  ရွှေဘိုနှင့် ဝက်လက်မြို့မှ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တားဆီးရန်ကြိုးပမ်းနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့မှ လက်နက်ခဲယမ်းများတင်ဆောင်လာသော စစ်ကောင်စီ၏ထောက်ပို့ရထားသည် စစ်ကိုင်းနှင့် ဝက်လက်မြို့ကြား ပေါက်ကံရွာအနီးရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တားဆီးထား၍ ရှေ့ဆက်မရနိုင်ဘဲ ဖြစ်နေခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

" မြောက်ပိုင်း(ကချင်ပြည်နယ်)အထိသယ်မှာလား။ ရွှေဘိုတင်ပဲလား မသိသေးဘူး"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါ ရထားသည် မန္တလေးမှထွက်ခွာလာသည်မှာ ရက်အနည်းငယ်မျှကြာပြီဟု ဆေးကြိမ်လုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ဖေဇော်ဂျီမှ မဇ္ဈိမကိုပြောသည်။ ရထား၏ ဘယ်ညာပတ်လည်တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက အကာအကွယ်ရယူထားပြီး ရထား၏ နှစ်မိုင်ပတ်လည်တွင်လည်း စစ်ကြောင်း ထိုးနေသည်ဟုဆိုသည်။

ဖေဇော်ဂျီက " သံလမ်းပြင်ဖို့ ခေါင်းတွဲပါပါတယ်။ နည်းနည်းလေးတိုးလိုက် ပြင်လိုက်၊သွားလိုက်။ မိုင်းတွေရှင်းလိုက်ပေါ့" ဟု ပြောသည်။

အဆိုပါထောက်ပို့ရထားအား စစ်ကောင်စီတပ်စစ်ကြောင်း  ခုနစ်ကြောင်းထက်မနည်းက အကာအကွယ်ပေးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် ဝက်လက်မြို့နယ်အတွင်းရှိ  ရွာသာကြီး၊ ပေါက်ကန်၊ ပြွန်ကြီး၊ မင်းကုန်း၊ ဖိုဝင်းတပ်၊ ရုံပင်ကုန်း၊ သရက်ကြီးကျေးရွာနှင့် ဓူဒင်တောင်တို့အနီး၌ တိုက်ပွဲများပြင်းထန်ကာ စစ်ရေးတင်းမာနေသည်။ယနေ့ စက်တင်ဘာလ ၇ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေကြောင်းသိရသည်။

ပြင်းထန်နေသောစစ်ရေးအခြေအနေများကြောင့် ဝက်လက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ ၂၀၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပြီး  ယနေ့  နေ့လည်ပိုင်းတွင် ဖိုဝင်းတပ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း  Wetlet Informatin Network က  ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly