လက်ခတ်တောင်စခန်းကုန်း တဝိုက်တွင် တိုက်ပွဲပြင်းထန်

By မဇ္ဈိမ 
15 August 2023
လက်ခတ်တောင်စခန်းကုန်း တဝိုက်တွင် တိုက်ပွဲပြင်းထန်
ဓာတ်ပုံ- လက်ခတ်တောင်စခန်းကုန်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်သည့် နေရာကို ညွှန်ပြနေပုံ။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့်နေရာများကို စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခမရ (၃၅၅)၊ ခလရ (၂၇၅) နှင့် မြဝတီမြို့အနီးရှိ ထိုင်တော်မူဘုရားကုန်းဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ၊ ဟောက်ဝစ်ဇာ၊ အတွဲလိုက်ပစ်မစ်ဇိုင်းများဖြင့် အကြိမ်ရေ ၁၀၀ နီးပါးပစ်ခတ်နေကြောင်း ရှေ့တန်းရဲဘော်များထံမှ သိရသည်။

" လတ်ခတ်တောင်အောက်ခြေကို တက်လာတာဗျ။ တာဝေးပစ်တွေကော လေယာဉ်တွေကော သုံးနေတယ်ဗျ။ ၄ နာရီထိုး ဝန်းကျင်လောက်ပဲ၊ လက်နက်ကြီး တောက်လျောက်ထုပြီး ကျားထိုးတက်လာကြတာ။ လက်ခတ်တောင်ကို ပြန်လိုချင်နေကြတာ” ဟု မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။ 

 စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အများအပြား ပစ်ကူပေးနေသည့်အပြင် နံနက် ၁၀ နာရီ ဝန်းကျင်တွင် လက်ခတ်တောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

သို့သော် အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံး အတိအကျကို မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။

နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မေးမြန်းချက်အရ လက်ရှိအချိန်တွင် လက်ခတ်တောင်တဝိုက်ဒေသ၌ ခေတ္တငြိမ်နေသော်လည်း တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ကြောင်း မဇ္ဈိမ၏မြေပြင်သတင်းရင်းမြစ်က ဆိုသည်။ 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လက်ခတ်တောင်တိုက်ပွဲမှပစ်ခတ်သံများကို မြဝတီမြို့နယ်တဖက်ကမ်း၊ မဲဆောက်မြို့အထိ အတိုင်းသား ကြားနေရကြောင်း ဆိုသည်။ 

" လက်ခတ်တောင်ဘက်ကနေကြားရတာ။ အကြီးအကျယ်ကိုဖြစ်နေတာ။ ညကလည်း တညလုံးပဲ။ အခုချိန်ထိလည်း ကြားနေရတုန်းပဲ။ လေယာဉ်ကတော့ လာပစ်ချသွားပြီ။ အခုလည်း အဆက်မပြတ်ဘဲ ဝဲနေတယ်" ဟု မြဝတီမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက လက်ခတ်တောင်စခန်းကုန်းကို သိမ်းပိုက်ပြီးချိန်မှစ၍ အဆိုပါစခန်းကုန်းအားပြန်လည်ရယူရန် ဩဂုတ်လ ၁၃ ရက်နေ့အထိ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးနေကြောင်း KNU ဗဟိုကလည်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly