စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ရပ်တန့်ရန် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အား အရပ်ဘက်အဖွဲ့များတောင်းဆို

By မင်းထက်(မဇ္စျိမ)
12 November 2023
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများ ရပ်တန့်ရန် ဖင်လန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အား အရပ်ဘက်အဖွဲ့များတောင်းဆို
ပုံအညွှန်း- စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ပဇီကြီးကျေးရွာ(ဓာတ်ပုံ-ပုံဟောင်း)

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့်  စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ပံ့ပိုးပေးနေမှု အားလုံးကို ရပ်တန့်ရန် အရပ်ဘက် အဖွဲ့အစည်း ၄၅၅ ဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။

စစ်ကောင်စီက နိုင်ငံတဝန်းလုံးတွင် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်နေချိန်တွင် ဖင်လန်နိုင်ငံအစိုးရက CMI  Martti Ahtisaari Peace Foundation မှတဆင့် စစ်ကောင်စီ၏ အမည်ခံငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီအား ဖင်လန်နိုင်ငံ၊ ဟယ်စင်ကီမြို့တွင် လျှို့ဝှက်စွာ ဖိတ်ကြားတွေ့ဆုံခဲ့ခြင်း၊ဆွစ်ဇာလန်အစိုးရက Centre for Humanitarian Dialogue၊ Swisspeace တို့နှင့် ပူးတွဲ၍ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဆက်စပ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၆ မှ ၁၈ ရက် အထိ နေပြည်တော်တွင် စီစဉ်ကျင်းပခဲ့ခြင်း၊ဆွစ်ဇာလန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့က အခြားနိုင်ငံအနည်းငယ်နှင့် ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ (JMC) ၏ လုပ်ငန်းကော်မတီတခုဖြစ်သော နည်းပညာအထောက်အကူပြု အတွင်းရေးမှူးရုံး (TSC) မှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ကြိုးပမ်းနေခြင်းတို့ကြောင့် ယခုကဲ့သို့ စာရေးသားပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့  မအောင်မြင်သော အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့အထိ စစ်ကောင်စီက အနည်းဆုံး ပြည်သူပေါင်း ၄,၁၇၄ ဦးအား သတ်ဖြတ်ထားပြီး၊ လူပေါင်း ၁.၇သန်း‌ကျော်အား အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကာ ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ကာလတိုတခုအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၇၂ ကြိမ် လုပ်ဆောင်ခဲ့သဖြင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ကာ ၁၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားတင်ပြထားသည်။

ယင်းသို့သော အခြေအနေတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့အား ဟယ်စင်ကီမြို့သို့ ဖိတ်ကြားခေါ်ယူခြင်းဖြင့် ဖင်လန်အစိုးရသည် စစ်ကောင်စီအပေါ် ၎င်းတို့၏ အသိအမှတ်ပြုမှု၊ ကြိုဆိုမှုနှင့် ပံ့ပိုးမှုတို့ကို ပြသခဲ့ပြီး ယင်းသို့လုပ် ဆောင်ခြင်းသည် ဒီမိုကရေစီ အခြေခံမူများနှင့် အထူးသဖြင့် မြန်မာပြည်သူလူထုတရပ်လုံး၏ လိုလားတောင့်တချက်များကို လုံးလုံးလျားလျား ဆန့်ကျင်ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု များကိုလည်း အဟန့်အတားဖြစ်စေပြီး မြန်မာအရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုပေါင်းများစွာကို ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြည့်အဝဖြင့်  ဆက်လက်ကျူးလွန်နိုင်စေရန် စစ်ကောင်စီအား ရဲဆေးတင် တွန်းအားပေးစေခဲ့ကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားထားသည်။

ထို့အပြင် စစ်ကောင်စီ၏ အချည်းနှီး အတုအယောင် NCA ကြိုးပမ်းမှုများကို ဆွစ်ဇာလန်အစိုးရက ပံ့ပိုးကူညီခြင်းသည်လည်း စစ်ကောင်စီအား တရားဝင်ဖြစ်စေမှုကို အထောက်အကူ ဖြစ်စေပြီး မြန်မာပြည်သူလူထုအား စစ်အာဏာရှင်စနစ်အောက် အတင်းအဓမ္မ ပြန်လည်သွတ်သွင်းစေမည့် စစ်‌ကောင်စီ၏ အညှာတာမဲ့ အကြမ်းဖက်လုပ်ရပ်များကိုလည်း သက်ဆိုးရှည်စေကာJMC နှင့် TSC ကဲ့သို့သော စစ်ကောင်စီက ထိန်းချုပ်ထားသည့် လမ်းကြောင်းများမှတဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်းသည် အမှန်တကယ်လိုအပ်သည့် ပြည်သူများထံ ရောက်ရှိမည်မဟုတ်ဘဲ မြန်မာနိုင်ငံတဝန်း ရှေ့တန်းစစ်မျက်နှာများရှိ လူသားချင်းစာနာမှု အကူအညီပေးအပ်သူများ၊ ပြည်တွင်းနယ်ခံများ ဦးဆောင်သည့် နယ်စပ်ဖြတ်ကျော် ထောက်ပံ့ရေး လမ်းကြောင်းများကဲ့သို့သော အခြားသော ထောက်ပံ့ကူညီရေး လမ်းကြောင်းများကိုလည်း ပိတ်ပင်နှောင့်နှေးစေကြောင်း ယင်းတောင်းဆိုချက်တွင် ရေးသားဖော်ပြထားသည်။

မြန်မာပြည်သူလူထု၏ လိုလားတောင့်တမှုနှင့်အညီဖြစ်စေရန် ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့ အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ဆယ်စုနှစ်များစွာ ရင်နှင့်မမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် မြန်မာပြည်သူများအပေါ် စော်ကားမှုဖြစ်စေသည့် ဖော်ပြပါလုပ်ရပ်များ အပါအဝင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု မှန်သမျှကို ချက်ချင်းရပ်ဆိုင်းရန်၊မြန်မာပြည်သူများအတွက် တရားမျှတမှု လက်တွေ့ အကောင်အထည်ဖော်ရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စစ်ကောင်စီအား အပြစ်ပေးတာဝန်ခံစေရေး နိုင်ငံတကာ၏ လက်ရှိကြိုးပမ်းမှုများတွင် အတူတကွ ပူးပေါင်းပါဝင်ရန်၊စစ်ကောင်စီ၏ အတုအယောင် NCA ဆက်စပ် ငြိမ်းချမ်းရေး လုပ်ငန်းများအပေါ် ရှုတ်ချရန်၊မြန်မာ့အကျပ်အတည်းအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲအပ်ရေး သို့မဟုတ် အထူးခုံရုံးတရပ် ဖွဲ့စည်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးနှင့် စစ်ကောင်စီအပေါ်  ပစ်မှတ်ထားသော ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်နိုင်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြဌာန်းချက်တရပ် ထွက်ပေါ်လာရေး အလေးအနက်ထား အကြံပြုတိုက်တွန်းပေးရန်နှင့် အောက်ခြေမှစ၍ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ရရှိစေရေး မြန်မာပြည်သူများ၏ ကြိုးပမ်းမှုတွင် ဘဏ္ဍာရေးနှင့် နိုင်ငံရေးဆိုင်ရာ အကူအညီများ ပေးအပ်ရန်တို့ကို အရပ်ဘက်အဖွဲ့အစည်း ၄၅၅ ဖွဲ့က စုပေါင်းတောင်းဆိုကြခြင်း ဖြစ်သည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required