တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးရှိ

By ပါခွီး(မဇ္စျိမ)
07 September 2023
တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးရှိ
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးဝင်များ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်း ထန်နေပြီး နှစ်ဖက်အကျအဆုံးရှိကြောင်း သိရသည်။

တမူးမြို့နယ် နန်မွန်းတားကျေးရွာအနီးတွင် အင်အား ၁၀၀ နီးပါးရှိသော စစ်ကောင်စီတပ်နှင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)တို့ စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်။

“ဝိတုတ်ဘက်ကနေ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကြောင်းနဲ့ တမူးခရိုင် PDF တပ်ရင်းတို့ တိုက်ပွဲဖြစ်နေ တာပါ။ စခ (စစ်ကောင်စီတပ်သား)လေးကောင် သေတယ်၊ ကိုယ့်ဘက်က တယောက်ကျဆုံးထားတာရှိ တယ်၊ ပွဲကမပြီးသေးဘူး” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွာကာ နန်မွန်းတားကျေးရွာအတွင်းသို့ သယ်ဆောင်သွားကြောင်း နှင့် တမူးခရိုင် တပ်ရင်း(၁)မှလည်း ရဲဘော်တဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူမရှိကြောင်း သိရသည်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွားများဖြစ်ပွား ခဲ့သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ပြည်သူများကိုတင်ပြနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ယခုတိုက်ပွဲသည် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့များအားတိုက်ခိုက်ပြီး လမ်းပိုင်းကို ထိန်းချုပ် ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းနှင့် အကယ်၍ထိန်းချုပ်သွားနိုင်ပါက ပြည်သူအများအတွက် ထိခိုက်မှုဆိုး ကျိုးများဖြစ်လာနိုင်ပြီး တိုက်ပွဲဆက်ဖြစ်နိုင်သဖြင့်  ဂရုစိုက်ပြီးသွားလာကြစေလိုကြောင်း ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့တာဝန်ရှိသူက သတိပေးပြောကြားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly