မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဖော်ဆောင်သည့် Federal Wings ကို ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်

By ခိုင်မင်းမြတ် (မဇ္ဈိမ)
28 September 2023
မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဖော်ဆောင်သည့် Federal Wings ကို ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်
ပုံညွှန်း- Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ- Federal Wings Fb)

စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် အရာရှိနှင့် အခြားအဆင့် ဝန်ထမ်း ငါးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့သည့် မြဝတီဒရုန်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သော Federal Wings ဒရုန်းတပ်ဖွဲ့ကို မြန်မာကျပ်ငွေ သိန်း ၁၀၀ ချီးမြှင့်ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ စက်တင်ဘာလ ၂၈ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

NUG- MOD ၏ အသိအမှတ်ပြု ဆုချီးမြှင့်မှု အပေါ်  ကျေးဇူးတင်ပြီး စိတ်ဓာတ်ခွန်အားလည်းဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောသည်။

“အမှတ် (၁၈၀၁) လက်ရုံးတပ်ရင်း Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့  NUG- MOD, EROs အဖွဲ့အစည်းတွေနဲ့ အတူတကွပူးပေါင်းပြီး စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက်  ဆက်လက်တိုက်ပွဲဝင်သွားမှာပါ” ဟု ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောသည်။

Federal Wings ဒရုန်းတပ်ဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီခွဲကျော် အချိန်မှာ ထိုင်း- မြန်မာ နယ်စပ်က မြဝတီခရိုင်ရဲရုံးကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ခလရ (၂၇၅) တပ်ရင်း၏ ယာယီတပ်ရင်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ အရာရှိများ သေဆုံးခဲ့သည်။

ဒရုန်းသည် စစ်ကောင်စီအတွက် "လုံးဝ အိမ်မက်ဆိုး" ဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတခုတွင် ပြောဆိုထားပြီး Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များသည်လည်း အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အမြဲတမ်းအသင့်အနေအထား ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။

ယင်းမြဝတီ ဒရုန်းတိုက်ခိုက်မှုမျိုးကဲ့သို ဒရုန်းစစ်ဆင်ရေးများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။     ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly