ဟွားငိုးလ်ဒေသမှ Non CDM များ နေထိုင်သွားလာခွင့်အတွက် ခံဝန်ပြုလုပ်ရမည်ဟု CDF ထုတ်ပြန်

By ပါခွီး(မဇ္စျိမ)
12 November 2023
ဟွားငိုးလ်ဒေသမှ Non CDM များ နေထိုင်သွားလာခွင့်အတွက် ခံဝန်ပြုလုပ်ရမည်ဟု CDF ထုတ်ပြန်
ပုံအညွှန်း  - CDF – Hualngoram ရဲဘော်များ ဓါတ်ပုံ - CDF – Hualngoram

ချင်းပြည်နယ်၊ ဟွားငိုးလ်ဒေသ၌ Non CDM များအနေဖြင့် လွတ်လပ်စွာ နေထိုင်သွား လာလိုပါက လျန်ဒိုစခန်းသို့ လူကိုယ်တိုင် ခံဝန်ကတိပြုလုပ်ရမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ (ဟွားငိုးလ်းရမ်း) CDF – Hualngoram နှင့် Hualngoram CDM Department တို့မှ နိုဝင်ဘာလ ၁၀ ရက် နေ့က ထုတ်ပြန်ထား သည်။

စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသူများအနေဖြင့် လွတ်လပ်စွာနေထိုင်သွား လာလိုပါ က နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး လျန်ဒိုစခန်းသို့လူကိုယ်တိုင်လာရောက်ကာ ခံဝန်ကတိ ပြုလုပ်ရမည် ဖြစ်သည်။

“လူသားချင်းစာနာတဲ့အနေနဲ့ လွတ်လပ်စွာ နေထိုင်၊ သွားလာစေချင်တယ်။ ဒါကြောင့် အချိန်သတ်မှတ်ပြီး စာရင်းပေးဖို့အသိပေးတာပါ။ သတ်မှတ်ချိန်ကျော်သွားရင်တော့ အရေးယူသွားမှာဖြစ်ပါတယ်” ဟု Hualngoram CDM Department ဥက္ကဋ္ဌ ဆရာကီးမာ က မဇ္စျိမ ကိုပြောသည်။

၎င်းတို့ စိုးမိုးနယ်မြေအတွင်း CDM ဝင်ထားသူ ၁၂၀ ကျော်ခန့်ရှိပြီး အများစုမှာ ပညာရေး ၊ ကျန်းမာရေး နှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်ကာ စစ်ကောင်စီတပ်သားအချို့ ခိုလှုံခဲ့သည့်လည်းရှိကြောင်း ဆိုသည်။

ဟွားငိုးလ်ဒေသမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများတွင် ဒေသခံများရှိသကဲ့သို့ အခြားအရပ်မှ လာရောက်တာဝန်ထမ်းဆောင်သူများရှိကြောင်း၊ ယခုကဲ့သို့ ထုတ်ပြန်အသိပေးပြီးနောက် ဝန်ထမ်းအဖြစ် မလုပ်ကိုင်တော့ကြောင်း အသိပေးလာသူများရှိကြောင်း ဆရာကီးမာက ပြောသည်။

၎င်းတို့ဒေသတွင် စစ်ကောင်စီယန္တရားမလည်ပတ်နိုင်သည်မှာ ကြာပြီဖြစ်ပြီး လျှပ်စစ်ဌာနနှင့် စစ်ကောင်စီ တပ်မှလွဲ၍ ကျန်ရုံးများ အလုပ်လုပ်ကိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

CDF – Hualngoram သည် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်အတွင်းရှိ ဟွားငိုးလ်တောင်ကျောတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်း၍ တိုက်ပွဲများတွင် ပါဝင်နေကြောင်း သိရသည်။

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly