နွားထိုးကြီး-မြင်းခြံတိုက်ပွဲအပြီး အသက် ၃ နှစ်အရွယ်ကလေး အပါအဝင် ဒေသခံ ၇ ဦးကို စစ်ကောင်စီသတ်ဖြတ်

By ဓါတု(မဇ္ဈိမ)
12 November 2023
နွားထိုးကြီး-မြင်းခြံတိုက်ပွဲအပြီး အသက် ၃ နှစ်အရွယ်ကလေး အပါအဝင် ဒေသခံ ၇ ဦးကို စစ်ကောင်စီသတ်ဖြတ်
ပုံအညွှန်း- ဒေသခံများ မြှုပ်နှံခံရသည့် နေရာ(ဓာတ်ပုံ- ပေးပို့)

နွားထိုးကြီးမြို့နယ်နှင့်  မြင်းခြံမြို့နယ် အစပ်ရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး အသက် သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ခုနစ်ဦးကို  စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

နိုဝင်ဘာလ ၁၀ ရက်က  နွားထိုးကြီးမြို့နယ်  ခံစပ်ကုန်းကျေးရွာ( အနောက်ရွာ)  ဒေသခံ  ဦးမြင့်အောင် (အသက် ၅၀)ခန့် ၏ အလောင်းကို ရွာရှိ ရေတွင်းတခု အနားတွင် တွေ့ရှိရပြီး  နိုဝင်ဘာလ ၇ ရက်က နွားထိုးကြီးမြို့နယ်နှင့် ၁၀ မိုင်ကျော်ဝေးသည့် မြင်းခြံမြို့အပိုင်  ပျားကျေးရွာမှ  သုံးနှစ်အရွယ်ကလေးငယ် တဦး အပါအဝင်  ဒေသခံ ခြောက်ဦး  အသတ်ခံခဲ့ရကြောင်း ဒေသခံများထံက သည်။

"များသောအားဖြင့် စစ်သားတွေနဲ့ မတွေ့ချင်လို့ ရွာသားတွေက သူ့နည်းနဲ့သူရှောင်ကြတာ ။ သူတို့မလာလောက်တဲ့လမ်းကို ပတ်ပြေးတော့ သူက( ဦးမြင့်အောင်) ကံဆိုးချင်တော့တည့်တည့် တိုးတာ  ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ နောက်နေ့မနက်ကျ အလောင်းကိုတွေ့တယ်။ အပြစ်မဲ့ပြည်သူ အသတ်ခံရတာဒီရက်ထဲသူအပါအဝင် ခုနစ်ယောက်ရှိပြီ။ ရွာလုံးကျွတ်နီးပါးရှောင်နေရတယ်" ဟု နွားထိုးကြီးမြို့မှ ဒေသခံတက်ကြွလှုပ်ရှားသူတဦးက မဇ္စျိမကိုပြောသည်။

 ဦးမြင့်အောင် ၏ ငွေကျပ် သိန်း ၃၀ နှင့် ရွှေထည်ပစ္စည်းများကို စစ်ကောင်စီတပ်က ယူဆောင်သွားပြီး ၎င်းသည်  ကုန်တင်ယာဥ်မောင်း တဦးဖြစ်ကာ နေရပ်ခေတ္တပြန်လာစဥ် တိုက်ပွဲကြောင့် တိမ်းရှောင်ရာမှာ စစ်ကောင်စီတပ်နှင့် တိုးမိခြင်းဖြစ်ကြောင်း ခံစပ်ကုန်းကျေးရွာ ဒေသခံက ဆိုသည်။

ပျားကျေးရွာမှ သေဆုံးသူ  ခြောက်ဦးတွင် သုံးနှစ်အရွယ် ကလေးငယ်များမှ အပ ကျန်ငါးဦးမှာ PDFအဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုပ်အလောာင်းများကို နွားချေးပုံအောက် မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။  ထိုရုပ်အလောင်းများနှင့်အတူ လက်လုပ်သေနတ်များကိုလည်း ထားခဲ့ကြောင်း ဒေသခံတဦးက ဆိုသည်။
၎င်းသေဆုံးသူများမှာ မောင်ထက်မြတ်အောင်၊ ကိုကျော်မင်းသန့်၊ မောင်ပြည့်ဖြိုး၊ ကိုရဲဝင်းနှင့်  ကိုဂျစ်တူးဖြစ်ပြီး   မောင်ထက်မြတ်အောင်သည် အသက် ၁၅ နှစ်သာရှိသေးကြောင်းသိရသည်။

ယင်းဖြစ်စဥ်တွင် အလောင်းများနှင့်အတူမြှုပ်နှံခံရသည့် လက်လုပ်သေနတ်များသည့်  ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ က မကွေးတိုင်း၊ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကာကွယ်ရေးတပ်စခန်းနှစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏စီးနင်း တိုက်ခိုက်ခံရစဥ်တွင် သိမ်းဆည်းခံလိုက်ရသည့် လက်လုပ်သေနတ်များဖြစ်ကြောင်းမြင်းခြံမြို့နယ်ပကဖအဖွဲ့မှတာဝန်ရှိသူတဦးကမဇ္စျိမကိုရှင်းပြပြောကြားသည်။

"အမှန်ကအရင်လက ကျွန်းညိုတို့ဘက်က PDF စခန်းတွေကနေ သိမ်းလာတဲ့ လက်လုပ်သေနတ်တွေကို ယူလာပြီး အခုပျားရွာမှာ အသတ်ခံရတဲ့သူတွေကို စွပ်စွဲတဲ့ပုံစံမျိူး ဝါဒဖြန့်တာပေါ့ ။ သူတို့အလောင်းတွေနား သူတို့ကို PDF ပုံစံဆွဲသွင်းချင်လို့တမင်ထားခဲ့တာ။ ခုသတ်ခံရသူတွေမှာ PDF တွေမပါဘူး "ဟု၎င်းကပြောသည်။

သေဆုံးသူ အသက်သုံးနှစ်အရွယ် မရွှန်းလဲ့ချိုမှာ မိခင်နှင့်အတူ သေနတ်ပစ်ခံခဲ့ရခြင်းဖြစ်သော်လည်း မိခင်ဖြစ်သူမှာ အသက်ရှင်ကျန်ရစ်ကြောင်း ပျားကျေးရွာ ဒေသခံ က ဆိုသည်။

လက်ရှိတွင် နွားထိုးကြီး မင်းရွာတွင် စစ်ကောင်စီတပ်က အထိုင်ချထား၍  မင်းရွာ ဒေသခံများအပါအဝင် အနီးရှိ  ခံစပ်ကုန်း(အရှေ့၊အနောက်) နှင့်  မြင်းခြံမြို့နယ် ပျားကျေးရွာမှ ဒေသခံ  ဦးရေ ၅၀၀ ထက်မနည်းထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ကြောင်း ယင်းကျေးရွာခံများ၏အဆိုအရသိရသည်။

နိုဝင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်က ပျားကျေးရွာမြောက်ဘက် ပဲခင်းကြီးကျေးရွာက ထွက်လာသည့် စစ်ကောင်စီအင်အား ၃၀ ကျော်ကို  ပူပေါင်းမဟာမိတ်ကာကွယ်ရေးတပ်က စောင့်ကိုတိုက်ခိုက်ခဲ့၍ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်အပြီး စစ်ကောင်စီတပ်က ပျားကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး  ဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က နိုဝင်ဘာလ ၈ ရက်တွင်  ခံစပ်ကုန်အရှေ့ရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ နိုဝင်ဘာလ ၉ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ စစ်ကောင်စီတပ်သားများ သေဆုံးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်အစပ် တိုက်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ခရိုင် PDF တပ်ရင်း သုံးခုနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက နိုဝင်ဘာလ ၁၀ ရက်ကသတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required