ညောင်လေးပင်မြို့နယ်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား 

By မဇ္ဈိမ 
19 July 2023
ညောင်လေးပင်မြို့နယ်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား 
ဓါတ်ပုံ- ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်​က ပစ်ခတ်သော လက်နက်ကြီးတစ်လုံး ဒေသခံနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပုံ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း၊ ကောက်မယ်သူကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

ထိုတိုက်ပွဲသည် ဇူလိုင်လ ၁၄ ရက်မှ ယနေ့ ဇူလိုင်လ ၁၉ ရက်အထိ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားထပ်မံတိုးချဲ့နေကြောင်း သိရသည်။ 

" ၁၄ ရက်နေ့ကတည်းကဖြစ်နေတာ ဒီနေ့အထိတောက်လျှောက်ပဲ။ အဓိကက စစ်တောင်းမြစ်အရှေ့ခြမ်းကို တော်လှန်ရေးအင်အားစုတွေ လာလို့မရအောင် သူတို့က လာပိတ်တာပေါ့။ နယ်မြေစိုးမိုးမှုမရအောင်ပေါ့" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ယနေ့  နံနက် ၁၀ နာရီမှစ၍ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နှင့် ညောင်လေးပင်လမ်းဆုံအနီးရှိ ကောက်မယ်သူရွာတွင် 
ရန်ကုန်- မန္တလေး ကားလမ်းအဟောင်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်သော ဒေသတွင်းတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ 

" မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားက ထိတွေ့မှုရှိတယ်။ တော်ဝိရွာ အရှေ့ဘက်က ကောက်မယ်သူရွာနားမှာ ဖြစ်တာပါ။ အခုလည်း ထပ်ပစ်နေဆဲပဲလို့ ပြောတယ်။ အသေးစိတ်တော့ ထပ်မသိရသေးဘူး။ လိုင်းတွေလည်း ပျက်နေလို့ပါ" ဟု နေ့လယ်၂ နာရီ ၃၀ မိနစ်အချိန်က တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ကောက်မယ်သူရွာအနီး ဖြစ်ပွားသော တိုက်ပွဲအတွင်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၆၄) မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများ ရှိခဲ့ကြောင်းနှင့် တိုက်ပွဲသည် နေ့လယ် ၁၁ နာရီဝန်းကျင်က ခေတ္တရပ်တန့်သွားခဲ့သော်လည်း နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် နှစ်ဖက်ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။ 

" စစ်ကောင်စီဘက်က အကျအဆုံးများပြီး ပြန်ဆုတ်သွားတယ်။ အရေအတွက်ကတော့ မသိရသေးဘူး။ အခု ထပ်ပြန်တက်လာလို့ နောက်တစ်ကြိမ်ထပ်ဖြစ်တာ" ဟု အခြား ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်  နံနက်ပိုင်းမှစတင်၍ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာနှင့် တော်ဝိကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အင်အားထပ်မံတိုးချဲ့မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ 

ဇူလိုင်လ ၁၄ ရက်နေ့က တော်ဝိကျေးရွာနှင့် ကောက်မယ်သူကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်းများ​၏ ပစ်ခတ်မှုကြောင့် တော်ဝိကျေးရွာ၊ ကောက်မယ်သူကျေးရွာ၊ ချုံအင်းကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်ပရီကျေးရွာ၊ ရေတွင်းကြီးကျေးရွာတို့မှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required