ညောင်လေးပင်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့်အမျိုးသမီး ၂ ဦး ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
05 October 2023
ညောင်လေးပင်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့်အမျိုးသမီး ၂ ဦး ဒဏ်ရာရ
ပုံအညွှန်း- လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ နေရာ( ဓါတ်ပုံ- ပေးပို့)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဖွားအိုတဦးအပါအဝင်အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၂) လက်အောက်ခံ Spring Warriors Column စစ်ကြောင်းမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့၊ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ညောင်လေးပင်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၀) က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရေဖြူကန်ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် နေအိမ်အတွင်းရှိ အသက် ၇၀ နှစ်အရွယ်အဖွားတဦးနှင့် ၎င်း၏ သမီးဖြစ်သူ  အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသမီး ဒဏ်ရာရခဲ့ကြောင်း Spring Warriors Column မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။ 

ဒဏ်ရာရအမျိုးသမီးနှစ်ဦးသည် လက်ရှိတွင် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရသည်။ 

ခမရ (၂၀) သည် အရပ်သားများနေထိုင်ရာကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ကလည်း  ယင်းတပ်ထဲမှပစ်ခတ်မှုကြောင့် ချုံအင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး ကွင်းဒလကြီးကျေးရွာမှ ဒေသခံပိုင်နွားသုံးကောင် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။  ညောင်လေးပင်မြို့နယ်၌ စစ်တင်ဘာလကုန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယခုအခါ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသော်လည်း တပ်ဆိုင်ထားသည့် အခြေအနေကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း Spring Warriors Column က အသိပေးသည်။

စစ်ကောင်စီတပ်သည် အရပ်သားများအားပစ်မှတ်ထား၍ တိုက်ခိုက်နေမှုကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အရေးယူတားမြစ်ပေးရန် တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများက မကြာခဏတိုက်တွန်းတောင်းဆိုနေသည်။

ယမန်နေ့အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့‌သောကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်ကောင်စီတပ်၏ လူထုအပေါ်အကြမ်းဖက်မှုများကို တင်ပြခဲ့ရာ၌ နိုင်ငံတကာအနေဖြင့် မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအား စစ်အာဏာရှင်လက်အောက်မှ အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required