နမ့်ဖတ်ကာတွင် ထင်းခွေသွားသူ ခလရ(၁၂၃)အနီး မြေမြှုပ်မိုင်းနင်းမိ

By ဂျူချန်း (မဇ္ဈိမ)
26 September 2023
နမ့်ဖတ်ကာတွင် ထင်းခွေသွားသူ ခလရ(၁၂၃)အနီး မြေမြှုပ်မိုင်းနင်းမိ
ပုံစာ-မြေမြှပ်မိုင်း နင်းမိသူ ဦးအားဟွာ (ဓါတ်ပုံ- မေတ္တာရှင်လူမှုကူညီရေးအသင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ်ရှိ စစ်ကောင်စီခြေလျင် တပ်ရင်း ခလရ(၁၂၃)အနီးတွင် အမျိုးသားတဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တဖက်ဆုံးရှုံးခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

“သူက ထင်းခွေသွားရင်း မိုင်းနင်းမိတာ။ ခြေတဖက်တော့ ကြေမွသွားတယ်။ ညာဘက်ပေါင်မှာလည်း ဒဏ်ရာရသွားတယ်” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ခြေတဖက်ဆုံးရှုံးခဲ့ရသည့် ဦးအားဟွာ(၄၂ နှစ်)သည် စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဗြုံးတောင်၌ ထင်းခွေရန်သွားရောက်စဉ် နမ့်ဖတ်ကာ ခလရ(၁၂၃) အနီး၌ ထောင်ထားသည့် မြေမြှုပ်မိုင်း ကို နင်းမိရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လူမှုကူညီရေးအသင်းများမှ ကွတ်ခိုင်မြို့နယ် စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ရာတွင် ဒဏ်ရာပြင်းထန်သဖြင့် လာရှိုးမြို့ဆေးရုံသို့ ဆက်လိုက်ပို့ဆောင်ထားရကြောင်း ဒေသခံများက ပြောသည်။

ဦးအားဟွာသည် နမ့်ဖတ်ကာ ရပ်ကွက်(၂)တွင်နေထိုင်သည့် မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတဦးဖြစ်ပြီး ကျပန်းအလုပ် လုပ်သူဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ကွတ်ခိုင်၊ မူဆယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ နမ့်ဖတ် ကာ(၁၂၃) တပ်စခန်းအပါအဝင် လွယ်ကျယ်လောက်နှင့် ၁၀၅ မိုင်တပ်စခန်းများမှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ 

ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ် လင်းလုံကျေးရွာအနီးတွင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဩဂုတ်နှင့် စက်တင်ဘာ နှစ်လအတွင်း တိုက်ပွဲ အကြိမ်ရေ ၅၀ နီးပါးဖြစ်ပွားခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly