ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေ

By ဂျူချန်း(မဇ္ဈိမ)
12 July 2023
ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် မူဆယ်မြို့တို့တွင် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ သိရသည်။

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့နှင့် နမ့်တွေကျေးရွာအနီးတွင် မိုင်းဆတ်အခြေစိုက် ခလရ(၅၂၇)မှ စစ်ကောင်စီ တပ်သားအင်အား ၇၀ ခန့်သည် တအာင်းတပ်မတော် TNLA တည်ရှိရာ နမ့်တွေဘက်သို့ စစ်ကြောင်းထိုး လာသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု သုံးနာရီခန့်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း နမ့်တွေကျေးရွာမှ အမျိုးသမီး တဦးနှင့် အမျိုးသားတဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ချိန် နမ့်တွေရွာခံနှစ်ယောက်က ဆိုင်ကယ်စီးဖြတ်သွားရာကနေ လက်နက်ထိမှန်လို့ ဒဏ်ရာ ရခဲ့ပြီး အခုဆေးရုံမှာ ကုသပေးနေပါတယ်။ စစ်ကောက်စီဘက် ထိခိုက်မှုအခြေနေတော့ မသိရသေးပါဘူး။ TNLA ဘက်တော့ ထိခိုက်မှုမရှိပါဘူး” ဟု PLSF/TNLA ပြောရေးဆိုခွင့်ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကို ပြောသည်။

နမ့်တွေကျေးရွာတွင် လူဦးရေ ၁၅၀ ခန့်ရှိပြီး စစ်ဘေးရှောင်ရမည့် အခြေအနေအထိ မရောက်သေးသော် လည်း နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မူဆယ်မြို့ နမ့်တောင်းရွာထိပ်တွင် တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇) မှ စစ်ကောင်စီတပ်သားများနှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။ 

“စစ်ကောင်စီဘက်က တအာင်းရွာ လိုင်ခွါင်ရွာကနေ တအာင်းတပ်မတော် ရှိတဲ့ နမ့်တောင်းကို ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရုံး မှ ပြောသည်။

 အဆိုပါတိုက်ပွဲတွင် TNLA မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ ထုတ် ပြန်ထားသည်။ 

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သားများ ထိခိုက်မှုမရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိ သည်မှာနှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန်ရွာတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲသည် နောက်ဆုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအရ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့(NSPNC)နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့်သဘော တူညီချက်မျှမရဘဲ ပြီးဆုံးသွားခဲ့သည်။ 

ထိုဆွေးနွေးပွဲမတိုင်မှီ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တရုတ်၏ ညှိနှိုင်းပေး မှုအရ တိုက်ပွဲများ လျော့နည်းသွားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကပြောသည်။

“ဆွေးနွေးပွဲက သုံးရက်လုပ်ထားတာ နှစ်ရက်နဲ့တင်ပြီးသွားတော့ နောက်ထပ် ဘယ်ရက်ပြန်လုပ် မယ် လည်းမပြော၊ သဘောတူညီချက်လည်းမရဘဲနဲ့ ပြီးသွားတော့ ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ပြောလို့ မရဘူးပေါ့နော်။ တရုတ်က တိုက်တွန်းလို့သာ ဆွေးနွေးရတာ။ ဆွေးနွေးချင်ပုံမရဘူးလို့ ခန့်မှန်းတာပေါ့။ အဲ့ဒီသုံးဖွဲ့လှုပ်ရှားတဲ့နယ်မြေမှာ ဖြစ်တာတော့ မတွေ့သေးဘူး။ KIA ဘက်မှာတော့ ဖြစ်နေတာတော့ တွေ့ ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲ မပြီးခင်ကတည်းက တရုတ်ကတိုက်တွန်းပြောဆိုပြီးနောက်ပိုင်း တိုက်ပွဲတွေ နည်းသွားတယ်ပေါ့နော်” ဟု ဦးရဲထွန်းက မဇ္ဈိမ ကိုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းပြီး ပထမ ၁၄ လတာအတွင်း တရုတ်စီမံကိန်းများရှိသည့် မြို့နယ်များတွင် တိုက်ပွဲပေါင်း ၁၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ၎င်းနောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၇၇ ကြိမ်သာ ဖြစ်ပွားသဖြင့် ရှမ်းမြောက်ဒေသ တရုတ်စီမံကိန်းရှိသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက် ကျော်ခန့်လျော့ကျသွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

၎င်းထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၉၅,၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၂၃ ရာခိုင်နှုန်းကျော်သည် တရုတ်စီမံကိန်းများရှိသည့် မြို့နယ်များတွင်ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲများတွင် စစ်ကောင်စီနှင့် EAOs များကြား တိုက်ပွဲ ၁,၂၉၀ ကျော် ဖြစ်ပွားခဲ့ကြောင်းလည်း ပါရှိသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို နှောင့်ယှက်ဖျက်ဆီးသူများအား အရေးယူမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် တအောင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ပူးပေါင်းကာ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

၎င်းတို့ ထိန်းချုပ်သည့်ဒေသများမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဒေသများဖြစ်ပြီး ယခု ထုတ် ပြန်ချက်သည် တရုတ်နိုင်ငံဖိအားကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ညှိနှိုင်းကာထုတ်ပြန်ထား ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက RFA သတင်းဌာနကို ပြောဆို ထားသော်လည်း TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၏ ဖိအားများပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တရုတ်နယ်စပ်နှင့်ထိစပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များရှိရာသို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိရာ လိုင်ဇာ မြို့အနီးသို့ စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ် လီဒိုလမ်းမရှိ ရှဒူးဇွပ်ကျေးရွာ၊ လိုင်မောက်ယန်ကျေးရွာ နှင့် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအနီး မိုင်ဆတ်ပါဒေသများတွင် စစ်ကောင်စီတပ်နှင့် KIA တပ် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

တရုတ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားသည့် နေရာနှင့် အကောင်အထည်ဖော်ရန်ရှိသည့် မြို့နယ် ၆၁ ခုတွင် အာဏာသိမ်းပြီး ပထမ ၁၄ လတာအတွင်း တိုက်ပွဲ ၁,၄၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယ ၁၄ လတာအတွင်း တိုက်ပွဲပေါင်း ၇၆၂ ကြိမ်သာ ဖြစ်ပွားခဲ့သဖြင့် ထိုဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်ကျော် လျော့ နည်းသွားကြောင်း ISP မြန်မာမှ ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly