ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှင့် သေဆုံးသူ ၈၀ ဝန်းကျင်ရှိ

By မဇ္ဈိမ 
31 May 2023
ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ နှင့် သေဆုံးသူ ၈၀ ဝန်းကျင်ရှိ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း မြေမြှုပ်မှိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ဦးရေ ၆၀ ကျော်နှင့် သေဆုံးသူ ဦးရေ ၂၀ ဝန်းကျင်ရှိကြောင်း မဇ္ဈိမက ရရှိထားသည့် အချက်အလက်များအရသိရသည်။

အဆိုပါထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူများတွင် အသက် နှစ် နှစ်မှ ၁၃ နှစ်အတွင်း ကလေးငယ် ၁၀ ဦးထက်မနည်း ပါဝင်ကြောင်းသိရသည်။ 

‘’ ကျွန်တော်တို့ လက်လှမ်းမီသလောက် ကောက်ခံရရှိထားတဲ့စာရင်းတွေအရဆိုရင် ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝတွေမှာ မြေမြုပ်မိုင်းကြောင့်ထိခိုက်သေဆုံးခဲ့တဲ့သူတွေပိုများတယ်။ အဲဒီထဲမှာကလေးတွေပါတယ်”  ဟု အမည်မဖော်လိုသည့် မိုင်းနှင့်ပတ်သက်၍ စာရင်းကောက်ယူနေသူ တစ်ဦးကထံက သိရသည်။

အလားတူ မတူပီမြို့အဝင် လည်မြိုချောင်းအနီးတဝှိက်၌ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုထားရှိပြီး အဆိုပါဂိတ် ပတ်ပတ်လည်လည်တွင် စစ်တပ်က မြေမြုပ်မိုင်းများထောင်ထားကြောင်းလည်း သိရသည်။

ထိုမြေမြှုပ်မိုင်းများကြောင့် လက်ရှိအချိန်ထိ မတူပီဒေသခံ ငါး ဦးထက်မနည်းသေဆုံးခဲ့ပြီး အသက် ရှစ် နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း မိုင်းထိမှန်၍ ခြေတောက်ဖြတ်တောက်လိုက်ရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ မှ ၂၀၁၉ ထိ ကိုးနှစ်တာကာလအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိကြောင်း ဆွစ်ဇာလန်အခြေစိုက် မြေမြှုပ်မိုင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၀ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၈၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၆၉ ဦး ရှိခဲ့ပြီး ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly