ဘန်ကောက် ဆီယမ် ပါရာဂွန် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများအနက် ၁ ဦး သေဆုံး

By ဘန်ကောက်ပို့စ်
15 October 2023
ဘန်ကောက် ဆီယမ် ပါရာဂွန် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများအနက် ၁ ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက် ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ အောက်တိုဘာ ၃ ရက်က အသက် ၁၄ နှစ်ရှိ ဆယ်ကျော်သက် လူငယ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ငါးဦးအနက် တဦးဖြစ်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတဦးသည် ဖြစ်စဉ် ဖြစ်ပြီးနောက် ၁၀ ရက်အကြာ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း မီဒီယာသတင်းဖော်ပြချက်များအရ သိရသည်။

ထို့ကြောင့် သူမသည် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် တတိယမြောက် အသက်ဆုံးရှုံးရသူ ဖြစ်လာခဲ့သည်။

အောက်တိုဘာ ၃ ရက် ဖြစ်စဉ်တွင် အသက် ၁၄ နှစ်အရွယ် ကောင်လေးတဦးက ဘန်ကောက်မြို့လယ် ရှော့ပင်းမောလ်၌ ဗလာကျည် သေနတ်ကို ကျည်အစစ် ပစ်ခတ်ရန် ပြုပြင်မွမ်းမံထားသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် သေနတ်ကို ဖေ့ဘွတ်ခ်စာမျက်နှာတခုမှတဆင့် ဝယ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် ၎င်းအား လက်နက်နှင့် ကျည် ရောင်းချပေးမှုအတွက် အမျိုးသား သုံးဦးလည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ နောက်တနေ့တွင် နောက်ထပ် လူသုံးဦးလည်း ထပ်မံဖမ်းဆီးခံရသည်။

ပစ်ခတ်မှု ကျူးလွန်သူ ဆယ်ကျော်သက်လူငယ်ကို စစ်ဆေးမေးမြန်းရန် Pathumwan ရဲစခန်းကို ခေါ်ဆောင်ခဲ့သော်လည်း ၎င်းသည် စိတ်ရှုပ်နေသော အခြေအနေတွင် ရှိနေပြီး ၎င်း၏ နားထဲတွင် လူများကို ပစ်ခတ်ရန် ၎င်းအား ပြောနေသည့် အသံများကို ကြားခဲ့ရသည်ဟု ပြောကြောင်း ထိုင်းရဲချုပ် ထော်ဆက် ဆုခ်ဗီမောလ်က ပြောသည်။

၎င်းကို အောက်တိုဘာ ၆ ရက်တွင် စိတ်ရောဂါကု ဆေးရုံတခုသို့ ပို့ခဲ့သည်။

ပစ်ခတ်မှုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံမှ ခရီးသွား အမျိုးသမီး တဦး နှင့် မြန်မာနိုင်ငံမှ အလုပ်သမား အမျိုးသမီးတဦး တို့ဖြစ်သည့် လူနှစ်ဦး သေဆုံးခဲ့ရပြီး ငါးဦး ဒဏ်ရာရခဲ့သည်။

ဒဏ်ရာရသူများထဲတွင် အသက် ၃၀ နှစ်အရွယ် ပန်ပီဝမ် မစ်သမ်ပီတက်ခ် ဆိုသူ အမျိုးသမီးတဦးလည်း ပါဝင်ပြီး သူမသည် ဦးခေါင်းနှင့် နံကြားတွင် ကျည်ထိမှန်ဒဏ်ရာများ ရခဲ့ပြီး ချူလာလောင်ကွန်း ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေခဲ့ရသူဖြစ်သည်။

သူမသည် ဆေးကုသမှုခံယူနေရင်း ၁၀ ရက်အကြာ ပြီးခဲ့သည့် သောကြာနေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဆယ်ကျော်သက် လူငယ် သေနတ်သမားအပေါ် ဥပဒေဆိုင်ရာ တရားစွဲဆိုမှုများတွင် အပြောင်းအလဲ ရှိမည် မဟုတ်ကြောင်းနှင့် ကြိုတင်ကြံစည် လူသတ်မှုစွဲချက်များဖြင့် ၎င်းအား စွဲဆိုရန် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိများက လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အမှတ် (၆) မက်ထရိုပိုလစ်တန် ရဲဌာန၏ အကြီးအကဲ ရဲမှူးချုပ် နက်ခါရင် ဆုခွန်သာဝစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly