အစ္စရေး-ဂါဇာ တိုက်ပွဲများအတွင်း ထိုင်း ၂ ဦး သေဆုံးဟု ထိုင်းဝန်ကြီးချုပ် ပြော

အစ္စရေး-ဂါဇာ တိုက်ပွဲများအတွင်း ထိုင်း ၂ ဦး သေဆုံးဟု ထိုင်းဝန်ကြီးချုပ် ပြော
Photo-AFP

အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့အကြား ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံသား နှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က အောက်တိုဘာ ၈ ရက်တွင် ပြောသည်။

ဂါဇာကမ်းမြှောင်ဒေသမှ ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ရုတ်တရက် အကြီးစား တိုက်ခိုက်မှု ဆင်နွှဲခြင်းကြောင့် အစ္စရေးဘက်ကလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများဖြစ်ပြီး ကာလရှည် ပဋိပက္ခတရပ်၏ အရှိန်မြင့်တက်မှုအတွင်း နှစ်ဖက်စလုံး၌ လူရာချီ သေဆုံးခဲ့ရသည်။

တိုက်ခိုက်မှုများအတွင်း ထိုင်းနိုင်ငံသား  နှစ်ဦး သေဆုံးကြောင်း တဲလ် အဗစ်ရှိ ထိုင်းသံအမတ်ဖြစ်သူထံမှ သတင်းပေးပို့မှုကို ရထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အောက်တိုဘာ ၈ ရက်တွင် တွစ်တာတွင် ရေးသည်။

နောက်ထပ် အသေးစိတ်အချက်အလက်များကို ၎င်းက ပြောဆိုခြင်း မရှိသော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစ္စရေးမှ ထိုင်းနိုင်ငံသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းကယ်ထုတ်ရန် လုပ်ဆောင်နေသည်ဟု ပြောသည်။

အစ္စရေး-ဂါဇာ တိုက်ခိုက်မှုများအတွင်း ကမ္ဘောဒီးယား ကျောင်းသားတဦး သေဆုံးကြောင်း အစောပိုင်းကလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်က အတည်ပြုသည်။

အောက်တိုဘာ ၈ ရက် မနက်ပိုင်းအထိ ဆက်လက် အရှိန်မြင့်တက်နေခဲ့သည့် တိုက်ခိုက်မှုများအတွင်း လူထောင်ချီ ထိခိုက်ဒဏ်ရာများ ရရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly