ကံပေါက်ဒေသ သဲချောင်းရွာက ပျောက်ဆုံးနေသည့်  ၃ နှစ်အရွယ် ကလေးငယ်အား သေဆုံးလျက် ပြန်တွေ့

By ကိုရွှေမြိတ်(မဇ္ဈိမ)
06 July 2023
ကံပေါက်ဒေသ သဲချောင်းရွာက ပျောက်ဆုံးနေသည့်  ၃ နှစ်အရွယ် ကလေးငယ်အား သေဆုံးလျက် ပြန်တွေ့
ပုံစာ၊ သေဆုံးသူ မနဒီရွှေစင်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ သဲချောင်းရွာတွင် နေအိမ်မှပျောက်ဆုံးသွားသည့် သုံးနှစ်အရွယ် သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက် မနက်၁၀ နာရီတွင် ထိုရွာ၏ လယ်ကွင်း၌ သေဆုံးလျက်ပြန်တွေ့ကြောင်း ကလေး၏ ဖခင်ဖြစ်သူ ဦးဇော်လတ်ထံက သိရသည်။ 

ကလေးငယ်ကို  နေအိမ်နှင့် မနီးမဝေး အရှေ့တောင်ဘက် လယ်ကွင်း အနီး ရေထဲတွင် မြက်ပင် ကိုင်လျက် ပက်လက် အနေအထားဖြင့်  အလောင်းကိုတွေ့ရှိရသည်ဟု မိသားစုဝင်များက ပြောသည်။

ကလေးငယ်၏ အမည်မှာ မနဒီရွှေစင်ဖြစ်ပြီး   မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်အား အိမ်ပြင်ထွက်ရှာရာမှ ပျောက်ဆုံးရခြင်းဖြစ်နိုင်ကြောင်း ဖခင်ဖြစ်သူက ခန့်မှန်းပြောဆိုသည်။ ဇူလိုင်လ ၄ ရက် မွန်းတည့်ချိန်တွင် နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အလောင်းပြန်တွေ့သည့် နေရာနှင့် နေအိမ်သည် တစ်ဖာလုံခန့် ( ၁၀ မိနစ်ခန့်လမ်းလျှောက်ရသည့် အကွာအဝေး)တွင်ရှိကြောင်း သိရသည်။ 

ဖခင်ဖြစ်သူ ဦးဇော်လတ်က"ကျွန်တော် သမီးက သာမန် ရေနစ်ပြီး သေဆုံးတာပဲလို့ ယူဆရပါတယ်။  သမီးငယ်လေးက သူ့အမေ  ပြန်မလာတာကြာလို့ အိမ်ကနေ လိုက်သွားရင်း ရေမြောင်းထဲကို ပြုတ်ကျပြီး ဆုံးသွားတာ ဖြစ်နိုင်ခြေ များတယ်။  သူ့အမေ အိမ်ပေါ်ကနေ ဆင်းသွားတဲ့ လမ်းကို သူသိတယ်"ဟု ပြောသည်။

အလောင်းကို ပေါက်တိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားပြီး ဆရာဝန်၏ ဆေးစစ်ချက် အဖြေ ရယူကာ နေအိမ်သို့ ပြန်မသယ်တော့ဘဲ သုသာန်တွင် ယနေ့ သဂြိုဟ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။ ဖခင်ဖြစ်သူ ဦးဇော်လတ်က သမီးဖြစ်သူ ပျောက်ဆုံး သွားသည့် နေ့မှစ၍ အနီးအနား ကျေးရွာများ ဖြစ်ကြသည့် သဲချောင်း၊ သဘွတ်ချောင်း၊ ရေဘူး၊ ဒိုးဖာ၊ ကောင်းမှုနှင့်  ဖောင်းတောရွာ အစရှိသည့် ရွာများကို လူပျောက် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
 
စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly