ယင်းမာပင်တွင် စစ်ကောင်စီထောက်လှမ်းရေးတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
12 September 2023
ယင်းမာပင်တွင် စစ်ကောင်စီထောက်လှမ်းရေးတပ်သား ပစ်ခတ်ခံရပြီး သေဆုံး
သေဆုံးသွားသည့် စစ်ကောင်စီတပ်သား (Photo - ULF)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းအနီးတွင် စစ်ကောင်စီတပ်မှထောက်လှမ်းရေးတပ်သားတဦးကို ဒေသကာကွယ်ရေးရဲ‌ဘော်များက စစ်ဆေးမေးမြန်းစဉ်  ထွက်ပြေးသွားသော ကြောင့် ပစ်ခတ်ရာသေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)ထံမှ သိရသည်။

ယမန်နေ့(စက်တင်ဘာလ ၁၁ရက်) နံနက် ၁၀ နာရီခန့်က ULF၊ ချိုမိုင်မိုင်နှင့် Peacock Brother Local PDF  တို့ပူးပေါင်းပြီး စည်သူသစ်ကွင်းအနီး  ကင်းထောက်နေစဉ် စစ်ကောင်စီထောက်လှမ်းရေးတပ်သားတဦးကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။

“ထောက်လှမ်းရေးတပ်သားက  အရပ်ဝတ်၊အရပ်စားနဲ့ ပြည်သူအယောင်ဆောင်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က မယုံသင်္ကာဖြစ်တာနဲ့ စစ်ဆေးဖို့ လုပ်တဲ့ အချိန်မှာ ထွက်ပြေးတာဖြစ်ပါတယ်။ ကျနော်တို့ နောက်ကနေလိုက်ပြီး ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟုချိုမိုင်မိုင်တပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်သည် အသက် ၂၀ ကျော်အရွယ်ရှိပြီး ၎င်း၏ ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သင်္ဂြုလ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ 

ယခုဖြစ်ရပ်ဖြစ်ပွားသော စည်သူသစ်ကွင်းအနီး၌စက်တင်ဘာလ ၆ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ များနှင့်စစ်ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ULFက သတင်းထုတ်ပြန်ထားသည်။

ယင်းမာပင်နှင့်ကနီမြို့နယ်စပ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ၍ တလကျော်အကြာ နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required