ထိုင်းတွင် ဒဏ်ရာရ မြန်မာလုပ်သားကို သူဌေးမှ ဆေးကုမပေးဘဲ မြောင်းထဲပစ်ချရာ သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
12 September 2023
ထိုင်းတွင် ဒဏ်ရာရ မြန်မာလုပ်သားကို သူဌေးမှ ဆေးကုမပေးဘဲ မြောင်းထဲပစ်ချရာ သေဆုံး
ဓာတ်ပုံ- ရုပ်အလောင်းအား ရှာဖွေတွေ့ရှိစဉ်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ကံဖယ်ဖစ်မြို့နယ်တွင် ဂိုဒေါင်ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ခေါင်မိုးပေါ်မှ ပြုတ်ကျ၍ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသား ပန်းရံလုပ်သားကို အလုပ်သမားခေါင်းဆောင် ထိုင်းသူဌေးမှ ဆေးရုံသို့ ပို့ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရေမြောင်းထဲ ပစ်ချခဲ့သည့်အတွက် သေဆုံးသွားသည်ဟု လက်တွဲကူညီ AAC အဖွဲ့က မဇ္ဈိမကို ပြောသည်။

ထိုမြန်မာနိုင်ငံသား ပန်းရံလုပ်သားသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ကံဖယ်ဖစ်မြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အမြင့်ပေ ၇၀ ခန့်ရှိသည့် ဂိုဒေါင်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားခြင်း ဖြစ်သည်။

ပြင်းထန်ဒဏ်ရာဖြင့် သတိလစ်မေ့မျောနေသည့် ပန်းရံလုပ်သား ကိုဇော်မင်းဦးကို ၎င်း၏ အလုပ်သမားခေါင်းဆောင်ဖြစ်သူ ထိုင်းလူမျိုး ကန်ထရိုက်သူဌေးမှ ဆေးရုံသို့ပို့ဆောင်ပေးမည်ဟုဆိုကာ အတူလုပ်ကိုင်သူ မြန်မာလူမျိုးများနှင့်အတူ ကားဖြင့်ခေါ်ဆောင်သွားခဲ့သည်။   

ထို့နောက် ဆေးရုံသို့ မောင်းနှင်မသွားဘဲ ၎င်း၏နေအိမ်သို့ မောင်းနှင်ကာ အတူလိုက်ပါလာသူ မြန်မာလုပ်သားများအား ၎င်း၏ နေအိမ်တွင် ကျန်နေခဲ့ရန် ပြောဆိုသည်။

မြန်မာလုပ်သားများမှ ၎င်းတို့လည်း “ဆေးရုံသို့ လိုက်ပါပို့ဆောင်ချင်ပါသည်” ဟု ပြောဆိုသော်လည်း ထိုင်းသူဌေးက လက်မခံဘဲ လူနာကိုသာ ကားဖြင့် ခေါ်ဆောင်သွားကြောင်း ဆိုသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ထိုင်းသူဌေးပြန်လည်ရောက်ရှိလာစဉ်တွင် ကိုဇော်မင်းဦးအား မည်သည့်ဆေးရုံ၌ ပို့ဆောင်ခဲ့သည်ကို မေးမြန်း၍ မရဘဲ ကားတွင်လည်း သွေးကွက်များ မကျန်အောင် ရေဆေးထားပြီး ဖြစ်နေသည့်အတွက် မြန်မာလုပ်သားများမှာ သင်္ကာမကင်းဖြစ်ခဲ့ကြောင်း လက်တွဲကူညီ AAC အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

"သူတို့ လမ်းမှာလာရတဲ့အချိန်လည်းရှိတော့ ကြားထဲမှာသုံးရက်လောက်တော့ ကြာသွားတယ်၊ ကျွန်တော်တို့ ဖြစ်စဉ်ကိုသိသိချင်း အခင်းဖြစ်ပွားရာဒေသက အာဏာပိုင်တွေကို တိုင်ကြားရှာဖွေခိုင်းခဲ့ပါတယ်" ဟု AAC ၏ ဒါရိုက်တာ ဦးခိုင်ကြီးက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အလောင်းအား ကံဖယ်ဖစ်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်အဟောင်းတခု၏နံဘေး ရေမြောင်းအတွင်းတွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သည်။

“ပြင်းထန်ဒဏ်ရာရခဲ့ပေမယ့် ခေါ်ဆောင်သွားချိန်မှာ အသက်ရှိသေးတယ်လို့ အတူလုပ်ကိုင်သူတွေကပြောပါတယ်၊ ရေမြောင်းထဲစွန့်ပစ်ခဲ့ချိန်မှာ အသက်ရှိနေ သေးတယ်ပေါ့” ဟု ဦးခိုင်ကြီးက ပြောသည်။

ရုပ်အလောင်းရှာဖွေ့တွေ့ ရှိချိန်တွင် အခင်းဖြစ်ပွားသည့်နေ့က ကိုဇော်မင်းဦး ဝတ်ဆင်ထားသည့် အဝတ်အစားများဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များမှ အတည်ပြုသကဲ့သို့ ၎င်း၏ ဇနီးဖြစ်သူမှလည်း လက်တွင်ရှိသည့် တက်တူးအမှတ်အသားကြောင့် ကိုဇော်မင်းဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သို့သော်လည်း လုပ်ထုံးလုပ်နည်းများအရ DNA အတည်ပြုချက်ရယူရန် လိုအပ်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ DNA အတည်ပြုချက်ရယူနေဆဲဖြစ်ပြီး ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အတည်ပြုချက်အဖြေရရှိမည် ဖြစ်ကြောင်း သိရသည်။

"လက်ရှိမှာ ကျူးလွန်သူရဲ့ ကားနံပါတ်လည်း သိတော့ သူနေထိုင်ရာနေရာမှာတော့ ရဲတွေက အဆင်သင့်ရှိနေပါတယ်၊ DNA အဖြေရပြီး အတည်ပြုပြီးတာနဲ့ သူ့ကိုဖမ်းဆီးပေးမယ် ပြောပါတယ်" ဟု AAC ၏ ဒါရိုက်တာ ဦးခိုင်ကြီးမှ ပြောသည်။ 

သေဆုံးသူ ကိုဇော်မင်းဦးသည် အဆိုပါ ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းတွင် ပန်းရံလုပ်သားအဖြစ် လုပ်ကိုင်နေသည်မှာ တနှစ်ကျော် ရှိပြီဟု သိရသည်။

၎င်းသည် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့၊ ညောင်ဝိုင်းကျေးရွာ ဇာတိဖြစ်ကြောင်း လုပ်ဖောက်ကိုင်ဖက် မြန်မာလုပ်သားများထံမှ သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သား ငါးသိန်းခန့်ရှိကြောင်း အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်ပေးနေသူများက ခန့်မှန်းထားသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly