မြန်မာမြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားသည့်နောက် အပစ်ရပ်ရန် တရုတ် တိုက်တွန်း 

မြန်မာမြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားသည့်နောက် အပစ်ရပ်ရန် တရုတ် တိုက်တွန်း 
ဓာတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီး မော်နင်း

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားသည့် သတင်းများ ကြားသိရသည့်နောက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဖြစ်နိုင်သမျှ အပစ်ရပ်ရန်နှင့် တိုက်ပွဲများ ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။ 

“မတူကွဲပြားမှုတွေကို ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေကနေတဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တရုတ်က တိုက်တွန်းတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ 

“ပဋိပက္ခ အရှိန်မြင့်တာကို ရှောင်ရှားပြီး တရုတ်-မြန်မာ နယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကျိန်းသေစေဖို့ လက်တွေ့ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ကြဖို့ တိုက်တွန်းတယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံအတွင်း ရှမ်းမြောက်အပါအဝင် စစ်တပ်၏ စစ်ရေးတည်နေရာများကို တိုင်းရင်းသား လက်နက်ကိုင်များက သောကြာနေ့တွင် တိုက်ခိုက်ပြီး ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားလာသည့်နောက် တရုတ်နိုင်ငံက ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required