သက်ဆင်၏ သမီးဖြစ်သူက ဖျူထိုင်းပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရ 

သက်ဆင်၏ သမီးဖြစ်သူက ဖျူထိုင်းပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရ 
Photo: AFP

ထိုင်းနိုင်ငံ၏ အာဏာရညွန့်ပေါင်းအဖွဲ့အား ဦးစီးနေသော ဖျူထိုင်းပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ၏ သမီးဖြစ်သူ ပတ်တုံတန် ရှင်နာဝတ်ထရာက ရွေးကောက်ခံရရာ ၂၀၂၃ အစောပိုင်း အထွေထွေ ရွေးကောက်ပွဲအပြီး ၎င်းတို့ မိသားစု၏ ဩဇာအာဏာကို ခိုင်မာစေခဲ့သည်။ 

ဘန်ကောက်တွင် သောကြာနေ့က ပြုလုပ်သည့် ဖျူထိုင်းပါတီ အစည်းအဝေး၌ အမှုဆောင်ဘုတ်အဖွဲ့သစ်က အင်းဟုလည်း သိကြသော ပတ်တုံတန်ကို ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ 

ပါတီ၏ ခေါင်းဆောင်ဟောင်း ချိုနန် ဆရီကောက ဩဂုတ်လအကုန်၌ ရာထူးမှ ဆင်းသွားသည့်နောက် ယခု ရွေးကောက်မှုသည် လိုအပ်ချက်အရ လုပ်ဆောင်ခြင်းပဲ ဖြစ်သည်။ 

ချိုနန်သည် လက်ရှိအချိန်၌ ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်း၏ အစိုးရအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူလျက် ရှိသည်။ 

သက်ဆင်၏ သားသမီး သုံးဦး၌ အငယ်ဆုံးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ပတ်တုံတန်သည် တက်ကြွသော နိုင်ငံရေး၌ ပါဝင်သည့် ရှင်နာဝတ်ထရာ မျိုးရိုး၌ နောက်ဆုံးမိသားစုဝင်ပဲ ဖြစ်သည်။ 

ဩဇာရှိသော သက်ဆင်မိသားစု၏ ကျောထောက်နောက်ခံ ရှိသည့် ဖျူထိုင်းပါတီသည် အတိတ်က ရွေးကောက်ပွဲများ၌ ကြီးစိုးထားပြီး စစ်အာဏာသိမ်းခြင်းနှင့် တရားရုံး ဆုံးဖြတ်ချက်များဖြင့် အာဏာလက်လွှတ်ရခြင်းများ ရှိခဲ့သည်။ 

ယခု ပတ်တုံတန်၏ ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရခြင်းသည် ပါတီသို့ သူ ဝင်ရောက်ပြီး နှစ်နှစ်အတွင်းမှာပင် ဖြစ်ပြီး ပါတီနှင့် အစိုးရအပေါ် ရှင်နာဝတ်ထရာ မျိုးဆက်၏ ဩဇာ ပို၍ အားကောင်းစေမည့် အကြောင်းပဲ ဖြစ်သည်။ 

သက်ဆင်သည် ကိုယ်တိုင် ပြည်ပြေးအဖြစ် ၁၅ နှစ်တာ နေထိုင်ပြီးနောက် ဩဂုတ်လအတွင်း၌ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ပါတီက ညွန့်ပေါင်း ၁၁ ပါတီအဖွဲ့အား ဦးဆောင်ကာ အာဏာ ရရန် ကျိန်းသေ၍ ပြန်ရောက်လာခြင်းလည်း ဖြစ်ပြီး တချိန်က ရန်ဘက်များ ဖြစ်ခဲ့သည့်  ကွန်ဆာဗေးတစ်များနှင့် သဘောတူညီချက်တစ်ရပ် ယူထားပုံ ရှိနေသည်။ 

ထိုင်းနိုင်ငံသို့ ပြန်ရောက်ပြီးချင်း သက်ဆင်အား လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့သော်လည်း ဘုရင် မဟာ ဝါဇီရလောင်ကွန်းက ထောင်ဒဏ် တနှစ်သို့ သက်ညှာပေးခဲ့သည်။ 

သက်ဆင်သည် ရဲဘက်ဆိုင်ရာ ဆေးရုံတစ်ရုံ၌ အချိန်များစွာ ကုန်ဆုံးပြီး ခွဲစိတ်မှု နှစ်ကြိမ် ခံယူခဲ့သည်။  

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required