ရှမ်းမြောက်တိုက်ပွဲတွင် တောင်သမန်စစ်ဆင်ရေးဖြင့် မန္တလေး PDF ပူးပေါင်းတိုက်ခိုက်မည်

By မောင်ခက်နွေ (မဇ္ဈိမ)
27 October 2023
ရှမ်းမြောက်တိုက်ပွဲတွင် တောင်သမန်စစ်ဆင်ရေးဖြင့် မန္တလေး PDF ပူးပေါင်းတိုက်ခိုက်မည်
ပုံ - မန္တလေး PDF ရဲဘော်များကိုတွေ့မြင်ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှ  စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ တိုက်ခိုက်မှုအားကြိုဆိုထောက်ခံပြီး တောင်သမန်စစ်ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု မန္တလေးPDF က  သတင်းထုတ်ပြန်လာသည်။

“ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ Operation 1027 - (၁၀၂၇)  စစ်ဆင်ရေးမှာ ကျတော်တို့ MDY PDF အနေနဲ့  တောင်သမန် စစ်ဆင်ရေးဖြင့် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ဖြေကြားလို့ရပါသေးတယ်”ဟု မန္တလေးPDFတာဝန်ရှိသူ ကိုအော်စမွန်က မဇ္ဈိမသို့ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့လယ်တွင် ပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့ပူးတွဲထုတ်ပြန်ခဲ့သော “၁၀၂၇ စစ်ဆင်ရေးကြေညာချက်” ကို  လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုကြောင်း မန္တလေးPDFက ထုတ်ပြန်ရင်း ၎င်းတို့လည်း ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု အသိပေးခြင်းဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ လောက်ကိုင်၊  နမ့်ခမ်း၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့တို့မှစစ်ကောင် တပ်စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို ယနေ့နံနက်အစောပိုင်းကစ၍ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ က တိုက်ခိုက်နေသည်။

စစ်အာဏာရှင်ကို အမြစ် ပြတ်ချေမှုန်းရေး၊ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် းပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရန် Operation 1027 - (၁၀၂၇) စစ်ဆင်ရေးကို စတင်ပြီဟု  အောက်တိုဘာလ ၂၇ ရက် နံနက်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ကပူးတွဲကြေညာပြီး တိုက်ခိုက်နေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly