ကော့ကရိတ်မြို့အနှံ့ တိုက်ပွဲပြင်းထန် စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ မီးရှို့ဖျက်ဆီးခံထားရ

By YT(မဇ္ဈိမ)
27 October 2023
ကော့ကရိတ်မြို့အနှံ့ တိုက်ပွဲပြင်းထန် စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ မီးရှို့ဖျက်ဆီးခံထားရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တဝိုက်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၅ နာရီအချိန်မှစ၍ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ တောင်ကြာအင်း၊ ဆင်ကုန်း၊ ကိုးတိုင်နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနေရာများအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

" အနှံ့ပဲ တိုက်ပွဲဖြစ်နေတာက။ စုပေါင်းရုံးအထွက် ကိုးတိုင်ဘက်မှာလည်း ဖြစ်တယ်။ ဆင်ကုန်း၊ တံတားဦးဘက်မှာလည်း ဖြစ်နေတာ။ လက်နက်ကြီးတွေလည်း ခေါင်းပေါ်ကနေ တဝှီဝှီနဲ့ ဒလက်သံပါကြားရတယ်။ အခုထိလည်း ပစ်နေတုန်း" ဟု မြေပြင်သတင်းရင်းမြစ်တဦးက နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်က မဇ္ဈိမကိုပြောသည်။

နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံးတို့အား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးထားနိုင်ပြီး ကော့ကရိတ်မြို့တော်ခန်းမနှင့် မြို့နယ်တရားရုံးတို့အား တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

" စကစဘက်ကလည်း နေရာအနှံကနေကို လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတုန်းပဲ။ ရွာတွေထဲ ကျထားတာတွေလည်း ရှိတာပေါ့၊ လူတွေလည်း ထိထားတယ်၊ အိမ်တွေလည်းပျက်စီးတာရှိတယ်" ဟု အခြားသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်စခန်းများ​ကလည်း လက်နက်ကြီးများဖြင့် နေရာအနှံ့ပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးပစ်ခတ်မှုများသည် အမှတ် (၇) ရပ်ကွက်၊ အံဖကြီးကျေးရွာ၊ ရွာတန်းရှည်ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရထားသည့် ဒေသခံများ ရှိနေပြီး နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။

ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း စစ်ကောင်စီဘက်သို့ စစ်ကူရန်အတွက် ကော့ကရိတ်မြို့နယ်အတွင်းသို့ အင်အားဆက်လက် ဖြည့်တင်းလျက်ရှိနေပြီး မြို့နယ်အနှံ့ နေရာ ငါးခုထက်မနည်းတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းနှင့် အခြားသော တော်လှန်ရေးအင်အားစုများ ပါဝင်တိုက်ခိုက်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂၀၇) တပ်ရင်းမှူး အပါအဝင် ၁၁ ဦးသေဆုံး၍ တပ်ခွဲမှူးအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required