စစ်ကောင်စီကို အသိအမှတ်မပြုသည့် ပြည်ပနိုင်ငံများကို ရှေ့နောက်မညီ ပြောဆိုသည်ဟု စစ်ခေါင်းဆောင်စွပ်စွဲ

By မိုးသောက်မဲဆောက်(မဇ္ဈိမ)
27 October 2023
စစ်ကောင်စီကို အသိအမှတ်မပြုသည့် ပြည်ပနိုင်ငံများကို ရှေ့နောက်မညီ ပြောဆိုသည်ဟု စစ်ခေါင်းဆောင်စွပ်စွဲ
ပုံအညွှန်း- စစ်ခေါင်းဆောင်မင်းအောင်လှိုင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာသိမ်းမှုအပေါ်လက်မခံသည့် နိုင်ငံများသည် ရှေ့နောက်မညီပြောဆိုပြီး စံနှစ်မျိုး ( Double Standard)ကို အသုံးပြုနေကြောင်းအောက်တိုဘာလ ၂၆ရက် စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်သည်။

 “အချို့ပြည်ပနိုင်ငံများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံ၍ ကျင်းပသည့် ရွေးကောက်ပွဲများကို အသိအမှတ်ပြုခဲ့သောလည်း မိမိတို့အနေဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေဏီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံနှင့်အညီနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူခဲ့ခြင်းအပေါ်အသိအမှတ်ပြုမှုမရှိခဲ့သည်မှာ ရှေ့နောက်မညီသည့်ပြောဆိုမှုနှင့် စံနှစ်မျိုးကျင့်သုံးခြင်း(Double Standard)များပင်ဖြစ်သည်” ဟု စွပ်စွဲပြောဆိုခြင်းဖြစ်သည်။

အရပ်သားအစိုးရခေါင်းဆောင်များနှင့်  ၂၀၂၀ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များကိုဖမ်းဆီးပြီးအာဏာရယူလိုက်သည့် စစ်ကောင်စီကို နိုင်ငံတကာအပါအဝင် ပြည်သူအများစုကလည်းထောက်ခံမှုမရှိပေ။

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက်အတွင်းရေးမှူး ဒေဲါ်သင်းသင်းမွှေးက “ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေက ၂၀၀၈အောက်မှာလုပ်တာ မှန်ပေမယ့် ဒီမိုကရေစီကို ဖြစ်ပေါ်တိုးတက်ထွန်းကားဖို့လိုချင်တဲ့ ပြည်သူတွေကနေပြီးတော့ သူတို့ လိုလားတဲ့ခေါင်းဆောင်တွေကို မဲပေးပြီးတော့ ရွေးကောက်တင်မြှောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲံရလဒ်ကို ဒီမိုကရေစီဖြစ်ပေါ်ရေးအတွက် အသိအမှတ်ပြုခဲ့တယ်လို့ ကျမက ယူဆပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာ သိမ်းတာကျကတော့ အဲဒီလိုမျိုး တစ်ခဲနက်မဲပေးပြီးတော့ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရလဒ်ကို ရိုက်ချိုးတဲ့ကိစ္စဖြစ်တဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံတကာ အပါအဝင် ကျမတို့အားလုံးလက်ခံလို့မရပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။

အစည်းအဝေးတွင် စစ်ခေါင်းဆောင်က သူတို့ကိုလက်မခံသည့် နိုင်ငံအနည်းသာရှိသယောင်ဖြင့် နိုင်ငံအချို့ဟု သုံးနှုန်းခဲ့သော်လည်း လက်တွေ့တွင်မူပြောင်းပြန်သာဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည့်းသည့် စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်ကို လက်ခံသည့် နိုင်ငံသည် အနည်းငယ်မျှသာရှိသည်။ တရုတ်နှင့်ရုရှားသံတံတမန်များသာလျှင် စစ်ကောင်စီကိုအများဆုံးလူသိထင်ရှားဆက်ဆံမှုရှိသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၊ ဥရောပအဖွဲ့ဝင်နိုင်ငံများသည် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချထားသည့်အပြင် စစ်ခေါင်းဆောင်နှင့်မိသားစုဝင်များ၊ စစ်ကောင်စီအဖွဲ့ဝင်များ ကို အရေးယူပိတ်ဆို့မှုများပြုလုပ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly