အမေရိကန်သည် မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်အောင် လုပ်သည်ဟု စစ်ခေါင်းဆောင် စွပ်စွဲ

By 001 (မဇ္စျိမ)
27 October 2023
 အမေရိကန်သည် မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်အောင် လုပ်သည်ဟု စစ်ခေါင်းဆောင် စွပ်စွဲ

မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် အမေရိကန်နိုင်ငံ ဦးဆောင်သည့် အုပ်စုက ဆောင်ရွက်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စွပ်စွဲပြောဆိုလိုက်သည်။

စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ယခင်က အချို့ပြည်ပနိုင်ငံများဟုသာ ရည်ညွှန်းသုံးနှုန်းလေ့ရှိသော်လည်း ယခုအခါ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုဟု နာမည်တပ် စွပ်စွဲခဲ့ပြီး စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်ခဲ့သည့် နိုင်ငံများအပေါ်တွင်လည်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သည့် နိုင်ငံများဟု ပြောဆိုခဲ့သည်။

အမေရိကန်ဦးဆောင်သည့် အုပ်စု၏ ရည်မှန်းချက်မှာ မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေးပင်ဖြစ်သောကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသည့် အစိုးရ၊ အုပ်စု အာဏာရရှိရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင်  ဆောင်ရွက်နေကြောင်း စစ်ကောင်စီခေါင်းဆောင်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က ဆက်လက်စွပ်စွဲသည်။

ထို့ပြင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှာ သမိုင်းအစဉ်အလာအရ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်သော်လည်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သည့်နိုင်ငံများက စစ်ကောင်စီအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “သူ့မှာလည်း တကမ္ဘာလုံးမှာ အားကိုးစရာဆိုလို့ တရုတ်နဲ့ ရုရှား သူတို့ရဲ့ အစွယ်အပွားတချို့ပဲရှိတော့တဲ့ကာလပေါ့ဗျာ။ နောက်တခုက ဒီနေ့ကာလမှာ တရုတ်ရဲ့ ထိုင်ဝမ်သိမ်းပိုက်ရေး၊ ပစိဖိတ်ဒေသတခုလုံးကို သူ့နယ်မြေအဖြစ် ကန့်သတ်နေတဲ့အနေအထားပေါ့ဗျာ။ အဲ့ဒီအပေါ်မှာ တရုတ်ရဲ့ အင်အားတိုးတက်မှုကိုလည်းအမေရိကန်က ထိပ်တိုက်ရင်ဆိုင်နေတဲ့ကာလဆိုတော့ သူ့အနေနဲ့ကတော့ ဒီအချိန်မှာ တရုတ်ကြိုက်မယ့် စကားလုံးတွေ တရုတ်ကြိုက်မယ့် သဘောထားတွေ တွင်တွင်ကျယ်ကျယ်ဖော်ပြဖို့လိုတာကိုး” ဟုဆိုသည်။

ထို့ပြင် လက်ရှိ စစ်ကောင်စီရင်ဆိုင်နေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှာ အမေရိကန်နှင့် ဉရောပသမဂ္ဂ EU တို့ကို အားကိုးနေသည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် အဆိုပါ အင်အားစုများကို တုံ့ပြန်ဆန့်ကျင်သည့်နေရာတွင် အမေရိကန်ဆန့်ကျင်ရေးအာဘော်ကို ယခင်ကထက် ပိုမို ပီပြင်လာအောင် ပြောဆိုရန် လိုအပ်ကြောင်း စစ်ကောင်စီက ယူဆလာပုံရကြောင်းလည်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံနှင့် ဉရောပသမဂ္ဂ EU က စစ်ကောင်စီ၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့်အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသကဲ့သို့ စင်ကာပူနိုင်ငံ၏ အဓိကဘဏ်ကြီးတခုဖြစ်သည့် UOB ကလည်း မြန်မာနိုင်ငံနှင့် ဘဏ်ချင်းချိတ်ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းအားလုံးကို ပြီးခဲ့သည့် စက်တင်ဘာလကစပြီး ရပ်ဆိုင်းခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly