မင်းလှတွင် စစ်ကောင်စီတပ်  ၇ ရက်ကြာ ဖမ်းဆီးထားသူ သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
27 August 2023
မင်းလှတွင် စစ်ကောင်စီတပ်  ၇ ရက်ကြာ ဖမ်းဆီးထားသူ သေဆုံး
ပုံအညွှန်း-မင်းလှမြို့ရဲစခန်းပုံ(ဓာတ်ပုံ-ပေးပို့)

ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့တွင်  စစ်ကောင်စီတပ်က ကိုပတ်တီးဆိုသူကို  သြဂုတ်လ ၂၁ ရက် ညပိုင်းက ဖမ်းဆီးသွားရာ  ၇ ရက်အကြာ ယနေ့  သြဂုတ်လ ၂၇ ရက်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း မင်းလှဒေသခံထံက သိရသည်။

 ကြို့ပင်ကောက်စစ်ကြောရေးသို့ ခေါ်ဆောင်ခံရသည့် ကိုပတ်တီးသည် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊  မင်းလှမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာစဥ် ခန္ဓာကိုယ်၌ ဒဏ်ရာများရှိကြောင်း နှင့် ၎င်းအား ရဲလိုင်းခန်းတခုတွင် သီးသန့်ထားကြောင်း ရဲအသိုင်းအဝိုင်းထံက သိရသည်ဟု အဆိုပါ ဒေသခံကပြောသည်။  

ကိုပတ်တီးသည် ၎င်းအား သီးသန့်ထားစဥ် လျှပ်စစ်ဝါယာကြိုးအသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ရဲအချို့က ပြောဆိုသော်လည်း ဒေသခံများက မယုံကြည်ကြကြောင်း သိရသည်။ 

"ကိုပတ်တီးက စိတ်ဓာတ်ပြင်းတယ်ဗျ။ အာဏာသိမ်းစကဆို တကိုယ်တော်ဆန္ဒပြတာတွေဘာတွေတောင်လုပ်တယ်။ ကိုယ့်ဘာသာအဆုံးစီရင်တာရောဟုတ်မလား သူတို့ပဲသတ်ပြီး ဒီလိုသတင်းဖြန့်သလားမသိနိုင်ဘူးလေ” ဟု မင်းလှဒေသခံက ပြောသည်။ 

ယနေ့  မွန်းလွဲ ၂ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းလှဆေးရုံ ရင်ခွဲရုံသို့ အလောင်းကို ပို့ဆောင်ထားသော်လည်း တာဝန်ရှိ ဆရာဝန်က ပြန်လည်သယ်ဆောင်ခွင့် မပေးသေးကြောင်း သိရသည်။ 

ကိုပတ်တီးကို ကြို့ပင်ကောက်စစ်ကြောရေးမှတဆင့် မင်းလှရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာသည့် နေ့ရက်ကိုမူ မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

၎င်းသည်  မင်းလှမြို့ စျေးအနီးတွင် ကွမ်းယာရောင်းဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး  ဩဂုတ်လ ၂၁ ရက်နေ့က PDF များမြို့ပေါ်သို့ရောက်ရှိနေပြီဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အတွင်း ၎င်းတို့ မသင်္ကာသူများအား လိုက်လံဖမ်းဆီးရာ မင်းလှမြို့စျေးအနီး ကွမ်းယာအရောင်းဆိုင်ဖွင့်ထားသူ ကိုပတ်တီး အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ 

၎င်းနှင့်အတူ မင်းလှမြို့နယ်စျေးအနီးတွင် ဖမ်းဆီးခံခဲ့ရသည့်  မဇာနည်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required