ဘန်ကောက်ပစ်ခတ်သူ၏ မိသားစုက ‘တာဝန်ခံကာ’ တောင်းပန်

ဘန်ကောက်ပစ်ခတ်သူ၏ မိသားစုက ‘တာဝန်ခံကာ’ တောင်းပန်
ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုဟု သံသယရှိသူ (၁၄) နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖမ်းဆီးမိ / Photo: AFP

ဘန်ကောက်က ရှော့ပင်းမောလ်တခုတွင် လူနှစ်ဦးကို ပစ်သတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေး၏ မိသားစုက သူတို့သား၏ လုပ်ရပ်အတွက် သောကြာနေ့တွင် တောင်းပန်ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက်တရပ်အရ သိရသည်။

အခြား လူငါးဦး ထိခိုက်ဒဏ်ရာ ရခဲ့သည့် စီအမ်းပရာဂွန် ရှော့ပင်းမောလ်၌ အင်္ဂါနေ့က တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမည်မထုတ်ပြန်သည့် အဆိုပါ ဆယ်ကျော်သက်ကို ရဲက လူသတ်မှုဖြင့် စစ်ဆေးနေသည်။

ထိုင်းဘုရင့်တိုင်းပြည်တွင် လေးနှစ်အတွင်း တတိယမြောက် အကြီးဆုံး သေနတ်ပစ်ခတ်မှုဖြစ်သည့် အဆိုပါ ပစ်ခတ်မှု ဖြစ်ပြီးနောက် “ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်” လုပ်ဆောင်ရန် ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက စိတ်ပိုင်းဖြတ် ပြောသည်။

“စီအမ်းပရာဂွန်စတိုး၌ ကျွန်တော်တို့ရဲ့ သားဖြစ်သူ လက်ချက်ကြောင့် ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ သေဆုံးသူတွေ၊ မိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို အနူးအညွတ် တောင်းပန်ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေဝန်ကြီးဌာနက ထိုင်း၊ အင်္ဂလိပ်နှင့် တရုတ်စာများဖြင့် သတင်းထောက်များအား ထုတ်ပြန်ချက်၌ ဆိုထားသည်။

“ဒီ ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ အရမ်း ဝမ်းနည်းပြီး တုန်လှုပ်ခြောက်ခြားရတယ်၊ ကျွန်တော်တို့ တတ်နိုင်သမျှ အပြည့်အဝ တာဝန်ယူမှာ ဖြစ်တယ်”ဟု ဆိုသည်။

အရွယ်မရောက်သော ပြစ်မှုကျူးလွန်သူ၏ ဖခင်ဖြစ်သူ လက်မှတ်ထိုးထားသော ထို ထုတ်ပြန်ချက်တွင် ၎င်းတို့ မိသားစုအနေဖြင့် ရဲစုံစမ်းစစ်ဆေးမှု၌ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ကတိပြုထားသည်။

ပစ်ခတ်မှု ကျူးလွန်သူသည် စီအမ်းပရာဂွန်မှ မီတာအနည်းငယ်အကွာရှိ စာသင်နှစ်တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ ပေးရတဲ့ ပုဂ္ဂလိကကျောင်းမှ ‌ကျောင်းသားဖြစ်ပြီး တရားဆိုင်ရန်အတွက် စိတ်ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်။

၎င်းသည် ယခင်က စိတ်မကျန်းမာရေး ကုသခံရဖူးသော်လည်း ဆေးကုသမှုကို ရပ်ထားခြင်း ဖြစ်ပြီး လူများကို ပစ်ခတ်ရန် ပြောသည့်အသံများ ကြားနေရသည်ဟု ဆိုကြောင်း စုံစမ်းစစ်ဆေးသူများက အင်္ဂါနေ့တွင် ပြောသည်။

တိုက်ခိုက်မှုကို ကျည်စစ်ထည့်ပစ်၍ ရအောင် ပြုပြင်ထားသည့် ဗလာကျည် ထည့်ပစ်ရသော ပစ္စတိုဖြင့် ကျူးလွန်သွားခြင်း ဖြစ်သည်။ ထို ပစ်ခတ်သူဆီ သေနတ်နှင့်  ကျည်ဆန် ရောင်းချခြင်းအတွက် သံသယရှိသူ သုံးဦးကို ရဲက ဖမ်းဆီးထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required