ဘန်ကောက်ပစ်ခတ်မှု အရေးယူဆောင်ရွက်ရာတွင် သေနတ်သမား၏ သူငယ်ချင်းများကိုပါ ထည့်သွင်းစဉ်းစားရန် သေဆုံးသူမြန်မာအမျိုးသမီး၏ ရှေ့နေဖြစ်သူ ပြော

By ဘန်ကောက်ပို့စ်
08 October 2023
ဘန်ကောက်ပစ်ခတ်မှု အရေးယူဆောင်ရွက်ရာတွင် သေနတ်သမား၏ သူငယ်ချင်းများကိုပါ ထည့်သွင်းစဉ်းစားရန် သေဆုံးသူမြန်မာအမျိုးသမီး၏ ရှေ့နေဖြစ်သူ ပြော
Photo-EPA

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် မြို့လယ်ရှိ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာလုပ်သားတဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ရသည့် ပစ်ခတ်မှုကို ကျူးလွန်သော ဆယ်ကျော်သက်လူငယ်၏ သူငယ်ချင်းများက အခြားသူများအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သလား ဆိုသည်ကို ထည့်သွင်းစဉ်းစားရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုပန်ကြားသွားမည် ဖြစ်ကြောင်း သေဆုံးသူ မြန်မာအလုပ်သမားအမျိုးသမီး၏ မိသားစုကို ကိုယ်စားပြုသည့် ထိုင်းရှေ့နေဖြစ်သူက ပြောသည်။

ကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် သေနတ်သမား၏ သူငယ်ချင်းများသည် ဂိမ်းအတူတူ ကစားခဲ့ကြသလို ဝမ်းနည်းစိတ်မကောင်းဖြစ်ရမည့်အစား သေနတ်ပစ်ခတ်မှုကို နှစ်သက်ကြောင်း ပြသသည့် ပြုမူပြောဆိုပုံတရပ်ဖြစ် အွန်လိုင်းတွင် စကားပြောဆိုခဲ့ကြသည့် သက်သေအထောက်အထား ရှိနေကြောင်း သေဆုံးသူ မြန်မာလုပ်သား မမိုးမြင့်၏ မိခင်ဖြစ်သူ ဒေါ်ခင်ဝင်းကို ကိုယ်စားပြုသည့် ထိုင်းရှေ့နေ သန်နာပေါင် ဆန်သီဆွန်ဘတ်က ပြောသည်။

သက်သေအထောက်အထားကို ရဲတပ်ဖွဲ့ထံ တင်ပြသွားမည် ဖြစ်သလို သေနတ်သမား၏ သူငယ်ချင်းများ အလားတူ ပြစ်မှုမျိုး ပုံတူ ထပ်မံကျူးလွန်ခြင်း မရှိစေရေး ကာကွယ်ရေးအတွက် အရေးယူဆောင်ရွက်ရန် ရဲတပ်ဖွဲ့ကို ပန်ကြားသွားမည်ဟု ထိုင်းရှေ့နေက ပြောသည်။
၎င်းတို့၏ အပြုအမူများက သေဆုံးသူ မြန်မာအမျိုးသမီး၏ အလုပ်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်များ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှုများဖြစ်စေခဲ့သည်ဟုလည်း ထိုင်းရှေ့နေက ပြောသည်။

မစ္စတာ သန်နာပေါင်က ၎င်းအနေဖြင့် သေနတ်သမား လူငယ်နှင့် မိဘများအပေါ် ပြစ်မှုဆိုင်ရာနှင့် တရားမရေးရာ တရားစွဲဆိုမှုများတွင် သေဆုံးသူမြန်မာအမျိုးသမီး၏ မိခင်ဖြစ်သူကို ကိုယ်စားပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။ တနင်္ဂနွေနေ့၌ မြန်မာအမျိုးသမီး၏ မီးသင်္ဂြိုလ် ဈာပန အခမ်းအနား ပြီးစီးပါက မိခင်ဖြစ်သူက မွေးရပ်မြေသို့ ချက်ချင်း ပြန်လိမ့်မည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူက ပြောသည်။

သေနတ်သမားသည် လက်ရှိတွင် လူငယ်ထိန်းသိမ်းရေးစခန်းတခု၌ ဆက်ရှိနေချိန် ၎င်း၏ဖခင်ဖြစ်သူသည် အောက်တိုဘာ ၇ ရက်က မြန်မာအမျိုးသမီး၏ ဈာပနအခမ်းအနား ဒုတိယမြောက်နေ့ကို တက်ရောက်ခဲ့သည်။ ၎င်းသည် ဒေါ်ခင်ဝင်းကို နစ်နာကြေးအဖြစ် ငွေသားတရပ် ပေးအပ်ခဲ့သော်လည်း ဒေါ်ခင်ဝင်းက လက်မခံဘဲ ငြင်းဆန်ခဲ့ဟု သိရသည်။ သူမ သမီးဖြစ်သူအား ဆုံးရှုံးရခြင်းကို ငွေကြေးနှင့် မလဲနိုင်ဟု ဒေါ်ခင်ဝင်းက ပြောခဲ့သည်။

အသက် ၃၁ နှစ်ရှိ မြန်မာလုပ်သား မမိုးမြင့်သည် သူမမိသားစုအတွက် ပိုက်ဆံရှာဖွေကျွေးမွေးပေးသူ ဖြစ်သည်။ သူမသည် ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ် ပစ်ခတ်မှုဖြစ်စဉ်၌ သေဆုံးသူနှစ်ဦးအနက် တဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly