ဘန်ကောက် ရှော့ပင်းမောလ် ပစ်ခတ်သူက စိတ်ကျန်းမာရေးယိုယွင်းနေသူဟု ထိုင်းရဲတပ်ဖွဲ့ ပြော

By ရိုက်တာ
04 October 2023
ဘန်ကောက် ရှော့ပင်းမောလ် ပစ်ခတ်သူက စိတ်ကျန်းမာရေးယိုယွင်းနေသူဟု ထိုင်းရဲတပ်ဖွဲ့ ပြော
ကုန်တိုက်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူနာတင်ယာဉ်သည် ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာမှ ထွက်ခွာခဲ့သည်။ ဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုတွင် ပစ်ခတ်မှုတစ်ခုအတွင်း လူတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနမှ ပြောကြားခဲ့သည်။ ထိုင်းရဲတွေက ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ (ဓာတ်ပုံ- AFP/Lillian Suwanrumpha)

လူနှစ်ဦး သေဆုံးခဲ့ရသည့် ထိုင်းနိုင်ငံ ဘန်ကောက် ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုတွင် ကျူးလွန်သူဟု သံသယရှိသည့် ထိုင်းဆယ်ကျော်သက်သည် စိတ်ကျန်းမာရေး ယိုယွင်းမှု အခြေအနေ ခံစားနေရသူဖြစ်ပြီး ဗလာကျည် ပစ်သည့် သေနတ်ကို ပြုပြင်မွမ်းမံ အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

အောက်တိုဘာ ၃ ရက်က ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ်၌ လူကျချိန်တွင် သေနတ်သံများ ထွက်ပေါ်ခဲ့ပြီး လူရာချီ ထွက်ပြေးကြခြင်းနှင့်အတူ ဖရိုဖရဲ အခြေအနေ ဖြစ်ခဲ့သည်။ ယင်းသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း နိုင်ငံအပေါ် ရိုက်ခတ်သည့် သေနတ်ကိုင် အကြမ်းဖက်မှုလည်းဖြစ်ခဲ့သည်။

ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုဖြစ်စဉ်အတွင်း မြန်မာတဦးအပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးပြီး နိုင်ငံခြားသားနှစ်ဦးနှင့် ထိုင်းနိုင်ငံသားသုံးဦး ၊ စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ကျူးလွန်သူဟု သံသယရှိသည့် အသက် ၁၄ နှစ်အရွယ် သေနတ်သမားကို ယင်းနေ့နှောင်းပိုင်းတွင် ဖမ်းဆီးမိသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ပြီး ထိုပစ်ခတ်မှုနေ့က ၎င်း သောက်ရမည့် ဆေးကို မသောက်ထားခဲ့ဟု ရဲများက ပြောသည်။

ထို ဆယ်ကျော်သက်၏ စိတ်အခြေအနေနှင့်ပတ်သက်ပြီး သိရရန် စုံစမ်းစစ်ဆေးရေးအရာရှိများက ၎င်း၏ သူငယ်ချင်းများနှင့် စကားပြောဆိုရန် စီစဉ်ထားပြီး ဆယ်ကျော်သက်လူငယ်၏ နောက်ခံအကြောင်းကို စစ်ဆေးလျက် ရှိကြောင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ သေနတ်သမားတဦးကို အသက်ရှင်လျက် ဖမ်းမိခြင်းက တမူထူးနေကြောင်းလည်း ၎င်းက ပြောသည်။

“ဒီ သံသယတရားခံဟာ အရင်က ကြမ်းကြုတ်တဲ့၊ ရန်လိုတဲ့ အပြုအမှုတွေ ရှိခဲ့သလား ဆိုတာကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးသွားပါမယ်” ဟု ထိုင်းရဲချုပ် တော်ဆက် ဆုဗီမောလ်က ပြောသည်။

“သူ့မှာ စိတ်ကျန်းမာရေး ယိုယွင်းမှု အခြေအနေ ရှိတယ်။ ဒါက သေနတ်သမားတယောက်ရဲ့ ပရိုဖိုင်နဲ့ ကိုက်နေတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးထားသည့် လူငယ်ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။

“ကနဦးတော့ သူ့ကို စိတ်ငြိမ်ငြိမ်ထားဖို့ ကျွန်တော် ပြောခဲ့တယ်။ တယောက်ယောက်က သူ့ကို စကားပြောနေတာကို သူကြားနေရပုံပေါ်တယ်။ အဲဒါမျိုး သူကြားနေရခဲ့တယ်လို့ သိရတယ်။ ပစ်ခတ်ဖို့ သူ့ကို ပြောတဲ့အသံကို သူကြားရတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required