ဘန်ကောက်ပစ်ခတ်မှုတွင်သေဆုံးသူ မမိုးမြင့်၏ မိသားစုအား အလုပ်ရှင်မှ လစဉ် ဘတ် ၁၀,၀၀၀ထောက်ပံ့မည်

By ရွှေနွယ်(မဇ္စျိမ)
05 October 2023
ဘန်ကောက်ပစ်ခတ်မှုတွင်သေဆုံးသူ မမိုးမြင့်၏ မိသားစုအား အလုပ်ရှင်မှ လစဉ် ဘတ် ၁၀,၀၀၀ထောက်ပံ့မည်
ပုံအညွှန်း − Siam Paragon Shopping Mall အတွင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် အောက်တိုဘာ ၃ ရက်နေ့ညပိုင်း Shopping Mall  အရှေ့မြင်ကွင်း (AP Photo)

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတခုတွင် အောက်တိုဘာ ၃ ရက်နေ့ညနေက ဖြစ်ပွားသော ပစ်ခတ်မှု၌ သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်၏ ကျန်ရစ်သူမိသားစုကို အလုပ်ရှင်မှ လစဉ်ထောက်ပံ့ကြေး ဘတ် ၁၀,၀၀၀( မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ပေးမည်ဟု ပြောကြောင်း မမိုးမြင့်၏ တူတော်စပ်သူ ကိုအောင်မင်းက ပြောသည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon Shopping Mall တွင်အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း တရုတ်နိုင်ငံသား ခရီးသွားအမျိုးသမီးတဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားမမိုးမြင့် သေဆုံးခဲ့သည်။  ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်းသိရသည်။

မမိုးမြင့်သည် Siam Paragon Shopping Mall အနီးရှိ  Siam Center Shopping Mall ၊ Take Toys Co. Ltd တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ထိုနေ့က  Siam Paragon Shopping Mall ရှိ ဘဏ်တခုသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိနေစဉ်တွင် ပစ်ခတ်မှုနှင့်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

“သူဌေးမ(အလုပ်ရှင်)က အဲ့လိုပြောပါတယ်။ ပြောမယ်ဆိုရင်တော့ သူပေးနိုင်သလောက် အသက်ရှိနေသရွေ့ပေါ့နော်။ လစဉ်ဘတ် ၁၀,၀၀၀ထောက်ပံ့သွားမယ်လို့ပြောပါတယ်” ဟု ကိုအောင်မင်းကပြောသည်။

ကွယ်လွန်ချိန်တွင် အသက် (၃၁) နှစ်အရွယ်ရှိ မမိုးမြင့်သည် မွန်ပြည်နယ် သထုံမြို့နယ်ဇာတိဖြစ်ပြီးထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှ ၁၀နှစ်ခန့်ကြာမြင့်ပြီဖြစ်သည်။  မိခင်ဖြစ်သူအား လစဉ်ငွေကြေးထောက်ပံ့နေသူဖြစ်ပြီး မိသားစုက အားကိုးအားထားပြုရသူဖြစ်ကြောင်းသိရသည်။၎င်းသည် လည်ပင်းနှင့် ကျောတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ရောက်ရှိပြီးမကြာမီ သေဆုံးခဲ့ခြင်းဖြစ်သည်။

မမိုးမြင့်သည် ထိုင်း၊အင်္ဂလိပ်၊ တရုတ်နှင့် မြန်မာဘာသာစကားများကိုပြောတတ်သူဖြစ်ပြီး လစာကောင်းသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုထံသို့ပြီးခဲ့သည့် ဧပြီလက အလည်အပတ်ပြန်ခဲ့သေးကြောင်း မမိုးမြင့်၏ အလုပ်ရှင် သူဌေးက ထိုင်းသတင်းဌာနများသို့ဖြေကြားထားသည်။မမိုးမြင့်၏ မြန်မာနိုင်ငံရှိမိသားစုသည်  ထိုင်းနိုင်ငံသို့ ယခုရက်ပိုင်းအတွင်းသွားရောက်မည်ဖြစ်ပြီး နာရေးကို အောက်တိုဘာ ၈ ရက်နေ့တွင်ပြုလုပ်မည်ဟု သိရသည်။

မမိုးမြင့် သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် နာရေးကိစ္စအား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက ပြောဆိုထားသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

"ဒါကပြစ်မှုပိုင်းဆိုင်ရာဖြစ်တဲ့အတွက် တရားရေးရဲ့ဆုံးဖြတ်ချက်အတိုင်း နစ်နာကြေးကလည်းဆုံးဖြတ်မှာဆိုတော့ အဲ့ဒီအပေါ်မှာပဲစောင့်ကြည့်ဖို့ရှိပါတယ်" ဟု အလုပ်သမားသံအရာရှိရုံး (ဘန်ကောက်) ၏ သံအရာရှိက မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာန၏ အောက်တိုဘာ ၄ ရက်နေ့ သတင်းတွင်မူ ပစ်ခတ်မှုတွင်  သေဆုံးသွားသူများအတွက် ထိုင်းနိုင်ငံတရားရေး၀န်ကြီးဌာနက တဦးလျှင် ဘတ်ငွေ ၂၀၀,၀၀၀( မြန်မာငွေ ကျပ် သိန်း ၂၀၀ခန့်) လျော်ကြေးပေးမည်ဟုဆိုကြောင်း၊ ထိခိုက်ဒဏ်ရာရသူအတွက် လျော်ကြေးငွေကို နောက်ပိုင်းတွင် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများ၏ ဆေးကုသမှုအတွက် ဘတ် ၄၀,၀၀၀ (မြန်မာငွေကျပ် သိန်း ၄၀ခန့်) နှင့် ပြန်လည်ထူထောင်ရေး အတွက် ဘတ်၂၀,၀၀၀(မြန်မာငွေကျပ် သိန်း ၂၀ ခန့်) ထောက်ပံ့မည်ဖြစ်ကြောင်းနှင့် အလုပ်မလုပ်နိုင်သူများကို တရက်လျှင် ၃၅၃ဘတ် (မြန်မာငွေကျပ် ၃၅,၀၀၀ ခန့်) ဖြင့် တနှစ်ထက်မပိုသောနစ်နာကြေးငွေ ပေးလျော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ နစ်နာကြေးငွေပမာဏနှင့်ပတ်သက်၍ အလုပ်သမားသံအရာရှိရုံး (ဘန်ကောက်)မှ တစုံတရာအတည်ပြုချက်မပေးနိုင်သေးကြောင်း ဖော်ပြထားသည်။

" အလုပ်ရှင်က ဦးစီးပြီးတော့ ဒီအမှုမှာ နစ်နာကြေးရအောင်လုပ်ထားကြပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ကလေးက အသက်ငယ်တဲ့အတွက် အမှုလုပ်လို့မရပါဘူးလို့ထွက်ဆိုထားတယ်။ အဲ့ဒီအပေါ်မှာလည်း ထိုင်းမီဒီယာတွေကလည်း ဝေဖန်သုံးသပ်မှုတွေရှိနေပါတယ်" ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသည့် လက်တွဲကူညီ AAC အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုကို ကျူးလွန်သူသည် အသက် ၁၄ နှစ်အရွယ်ထိုင်းလူငယ်တဦးဖြစ်ပြီး လက်ရှိတွင် ၎င်းကို လူသတ်မှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ လက်နက်ခဲယမ်းလက်ဝယ်တွေ့မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် ပစ်ခတ်မှုစသည့် ပုဒ်မများဖြင့် ထိုင်ရဲတပ်ဖွဲ့က တရားစွဲထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စာတည်း -အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required