အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကို ၄ နှစ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိဟု ဆို

By The Times of India
14 June 2023
အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးကို ၄ နှစ်အတွင်း ဖွင့်လှစ်နိုင်ဖွယ်ရှိဟု ဆို

ဘင်းမ်စတက် (ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့) စီမံကိန်း တစ်စိတ်တစ်ဒေသအဖြစ် ဘန်ကောက်နှင့် ကိုးလ်ကတ္တားကို ချိတ်ဆက်မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးသည် လာမည့် သုံး၊ လေးနှစ်အတွင်း အသင့်ဖြစ်နိုင်သည်ဟု အိန္ဒိယ၊ ထိုင်း တို့၏ သက်ဆိုင်ရာ ဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီခန့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးတို့က ပြောကြားခဲ့သည်ဟု The Times of India သတင်းတစ်ပုဒ်အရ သိရသည်။

ဇွန်လ ၁၃ ရက်တွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် အိန္ဒိယ ကုန်သည်အသင်း တို့က စီစဉ်သော စီးပွားရေး ဆွေးနွေးပွဲ၌ တက်ရောက်လာသည့် ဒေသတွင်း သက်ဆိုင်ရာနိုင်ငံများမှ ဝန်ကြီးများက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

အဆိုပြုထားသည့် စီမံကိန်း အစီအစဉ်အရ အဆိုပါ သုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မှ စတင်မည် ဖြစ်ပြီး ဆုခိုထိုင်၊ မဲဆောက်ကဲ့သို့ မြို့ကြီးများကို ဖြတ်ကာ ထိုမှတစ်ဆင့် အိန္ဒိယကို မရောက်မီ မြန်မာနိုင်ငံ၏ ရန်ကုန်၊ မန္တလေး၊ ကလေးဝနှင့် တမူးမြို့တို့ကို ဖြတ်မည် ဖြစ်သည်။  
 

အိန္ဒိယတွင် ထိုအဝေးပြေးလမ်းမကြီးသည် မိုရေး၊ ကိုဟီမာ၊ ဂူဝါဟာတီ၊ စရီရမ်ပူရ်၊ ဆီလီဂူရီ တို့ကို ဖြတ်ဖွယ်ရှိကာ ကိုးလ်ကတ္တားကို ရောက်ရှိမည် ဖြစ်သည်။ အဝေးပြေးလမ်းမကြီး၏ စုစုပေါင်း အကွာအဝေးသည် ကီလိုမီတာ ၂,၈၀၀ ကျော် ရှိလိမ့်မည် ဖြစ်သည်။ ဤ အဝေးပြေးလမ်းမကြီး၏ အရှည်ဆုံး လမ်းအပိုင်းက အိန္ဒိယတွင် ရှိလိမ့်မည် ဖြစ်ပြီး အတိုဆုံး အသေးဆုံး လမ်းအပိုင်းက ထိုင်းတွင် ဖြစ်လိမ့်မည် ဖြစ်သည်။

အဝေးပြေးလမ်းမကြီး၏ ထိုင်းနိုင်ငံ အပိုင်းမှာ ပြီးစီးထားပြီး ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဒုဝန်ကြီး ဗီဂျဗက် အီစရာဘာခ်ဒီက ပြောသလို မြန်မာစစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးကလည်း မြန်မာရှိ လမ်းအပိုင်းက သုံးနှစ်အတွင်း အသင့်ဖြစ်ဖွယ်ရှိသည်ဟု ပြောခဲ့သည်။

ကိုးလ်ကတ္တားအထိ သွားမည့် သုံးနိုင်ငံ လမ်းပန်း အချိတ်အဆက် ဖော်ဆောင်မှုကို လုပ်ဆောင်လျက် ရှိသည်ဟု အီစရာဘာခ်ဒီက ပြောသည်။ “အဝေးပြေးလမ်းမကြီးက ဘန်ကောက်မှာ စမှာဖြစ်ပြီး ကိုးလ်ကတ္တားမှာ အဆုံးသတ်ပါလိမ့်မယ်။ ထိုင်းရဲ့ အပိုင်းနဲ့ ပတ်သက်လို့ကတော့ အဝေးပြေးလမ်းမကြီးက ပြီးသလောက် ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။

အဝေးပြေးလမ်းမကြီးနှင့် ပတ်သက်ပြီး အများအပြားက မြန်မာနှင့် အိန္ဒိယတို့၏ အပိုင်းတွင်သာ မူတည်နေသည်ဟု ထိုင်းဝန်ကြီးက ပြောသည်။

Kolkata-Bangkok highway opening likely in 4 years

Read more at:
http://timesofindia.indiatimes.com/articleshow/100977985.cms?utm_source=...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly