ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက သေဆုံးသူများအတွက် ဘတ် ၅သန်းစီ ထောက်ပံ့မည်ဟု ထုတ်ပြန်

By ရွှေနွယ်(မဇ္ဈိမ)
07 October 2023
ဘန်ကောက်ပစ်ခတ်မှု Shopping Mall လုပ်ငန်းစုက သေဆုံးသူများအတွက် ဘတ် ၅သန်းစီ ထောက်ပံ့မည်ဟု ထုတ်ပြန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပစ်ခတ်မှုဖြစ်ပွားသည့် Siam Paragon Shopping Mall လုပ်ငန်းစုမှ သေဆုံးရသူများ၏ မိသားစုဝင်များကို ဘတ်ငွေ ၅,၀၀၀,၀၀၀  (မြန်မာကျပ်ငွေ သိန်း ၅,၀၀၀ ခန့်) ထောက်ပံ့ကူညီသွားမည်ဟု ယမန်နေ့ အောက်တိုဘာ လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

"အောက်တိုဘာလ ၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး Siam Paragon က သေဆုံးသွားတဲ့ မိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို အလေးအနက် ဝမ်းနည်းကြောင်း ဖော်ပြလိုက်ပါတယ်။ ကျွန်ုပ်တို့သည် ကွယ်လွန်သူမိသားစု နှစ်ခုကို တဦးလျှင် ဘတ် ၅,၀၀၀,၀၀၀၊ ဒဏ်ရာရရှိသူ ငါးဦးကို တဦးလျှင် ဘတ် ၃၀၀,၀၀၀ သိန်း(မြန်မာကျပ်ငွေ သိန်း ၃၀၀ ခန့်) အစိုးရ၏ ထောက်ပံ့ကူညီမှုများတွင် ထည့်သွင်းသွားမည်”  ဟု Siam Paragon လုပ်ငန်းစု၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့လယ်ရှိ Siam Paragon Shopping Mall တွင် အောက်တိုဘာလ ၃ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း တရုတ်နိုင်ငံသား ခရီးသွားအမျိုးသမီးတဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်တို့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ငါးဦးရှိကြောင်း သိရသည်။

"လေးလေးရဲ့ အမေနဲ့ မိသားစုကတော့ ထိုင်းကိုရောက်ပါပြီ။ Siam Paragon ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ညီမတို့ အဲ့တာတွေကို မသိရသေးပါဘူး" ဟု ထိုင်းနိုင်ငံရှိ သေဆုံးသူ မမိုးမြင့်၏ တူမတော်စပ်သူက မဇ္ဈိမကိုပြောသည်။

မမိုးမြင့်၏ နာရေးကို လာမည့် အောက်တိုဘာလ ၈ ရက်တွင် ထိုင်းနိုင်ငံ၊ နွန်သာဘူရီ ၊ ပတ်ခ်ကရက်မြို့ ရှိ  Phasukmanijak ဘုရားကျောင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"၈ ရက်နေ့ နံနက်၈ နာရီအချိန်ကစပြီး၊ မွန်းလွဲ ၁ နာရီအချိန်တွင် လေးလေးမိုးမြင့်ရဲ့ ဈာပနအခမ်းနားကို မီးသင်္ဂြိုဟ်ပေးမယ်ဖြစ်၍ မိတ်ဆွေသူငယ်ချင်းအားလုံး လာခဲ့ကြပါလို့ဖိတ်ပါတယ်နော်” ဟု မမိုးမြင့်၏ တူမတော်စပ်သူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

ချစ်ခင်သူများက ကိုမိုးမြင့်ဟုခေါ်ကြသည့် လိင်စိတ်ခံယူမှု ကွဲပြားသူ သေဆုံးသူ၏ နာရေးသို့ ပစ်ခတ်မှုတရားခံ အသက် ၁၄ နှစ်အရွယ်သေနတ်သမား၏ ဖခင်သည် ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့က သွားရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက်  Khaosod English သတင်းဌာနက ဖော်ပြထားသည်။

၎င်းသည် မမိုးမြင့်၏ အလုပ်ရှင်ကို ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်၍ နောင်တရကြောင်း၊ တုန်လှုပ်ခြောက်ခြားနေသောကြောင့် စောစောမတောင်းပန်မိခဲ့ကြောင်း၊ တာဝန်ယူရမည့်ကိစ္စရပ်အားလုံးကို တာဝန်ယူသွားရန် ဆန္ဒရှိပြီး ဆုံးရှုံးမှုများအတွက်လည်း ကုစားသွားပါမည်ဟု ပြောကြားခဲ့ကြောင်း Khaosod English ၏ သတင်းအရ သိရှိရသည်။

စျာပနအခမ်းအနားသို့ မမိုးမြင့်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင်များ တက်ရောက်နိုင်ရေးကိုလည်း ထိုင်းအစိုးရမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားကြသည်။

ကွယ်လွန်ချိန်တွင် အသက် ၃၁ နှစ်အရွယ်ရှိ မမိုးမြင့်သည်  Siam Center ရှိ Take Toys Co. Ltd မှ ဆိုင်ဝန်ထမ်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့က Siam Paragon Shopping Mall ရှိ ဘန်ကောက်ဘဏ်သို့ လုပ်ငန်းကိစ္စဖြင့် ရောက်ရှိနေစဉ် သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

မမိုးမြင့်သေဆုံးရမှုနှင့်ပတ်သက်၍ ၎င်း၏အလုပ်ရှင်မှဦးဆောင်ကာ တရားရေးအမှုကိစ္စများကို ဆောင်ရွက်ပေးနေကြောင်းနှင့် ကျန်ရစ်သူမိသားစုအတွက်လည်း အလုပ်ရှင်မှ လစဉ် တလလျှင် ဘတ် ၁၀၀၀၀ (မြန်မာကျပ်ငွေ ၁၀ သိန်းခန့်) ထောက်ပံ့ပေးသွားမည်ဟု ပြောဆိုကြောင်း မမိုးမြင့်၏ တူတော်စပ်သူ ကိုအောင်မင်းက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ်ကို ထိုင်းရဲများက ဖမ်းဆီးထားပြီး ၎င်းအား ပစ္စတိုသေနတ်ရောင်းချသည်ဟု သံသယရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်မှ အမျိုးသား သုံးဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly