ချင်းနှစ်သစ်ကူးပွဲကို ဆုတောင်းပွဲသာပြုလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် အသိပေး

By ပါခွီး (မဇ္စျိမ)
12 October 2023
ချင်းနှစ်သစ်ကူးပွဲကို ဆုတောင်းပွဲသာပြုလုပ်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် အသိပေး

ချင်းပြည်နယ်အတွင် ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ချင်းနှစ်သစ်ကူး(ကောက်သစ် စား)ပွဲကို ပျော်ရွှင်ပွဲများမပါဘဲ ဝတ်ပြုဆုတောင်းပွဲသာပြုလုပ်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က အောက်တိုဘာလ ၁၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

နှစ်စဥ်ကျင်းပမြဲဖြစ်သော ချင်းနှစ်သစ်ကူးကို ယခုနှစ်တွင် ချင်းလူမျိုးများနေထိုင်သည့် ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့သဖြင့် နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်နေရသောကြောင့် ၎င်းအခြေအနေများကို  မျှဝေခံစားသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများမပြု လုပ်ရန်  အသိပေးခြင်းဖြစ်သည်။

“အခုအသိပေးတာကတော့ CNO/CNDF စိုးမိုးနယ်မြေအကုန်လုံးပါတယ်။ ဦးဆောင်ကျင်းပမဲ့ အဖွဲ့တွေကို အသိပေးစာ ပို့ပေးထားတာပါ” ဟု CNO/CNDF တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၇ ရက်မှ ၁၀ ရက်နေ့အထိ ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ မြေးအဖွားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး လေးဦးပျောက်ဆုံးနေကြောင်းသိရသည်။

ချင်းလူမျိုးများသည် နှစ်စဥ် တောင်ယာရိတ်သိမ်းပြီးနောက် ကောက်သစ်ပေါ်ချိန်တွင် ရိုးရာယဥ်ကျေးမှု အဆိုအက ပျော်ပွဲရွှင်ပွဲများဖြင့် ကောက်သစ်စားပွဲ(သို့) ချင်းနှစ်သစ်ကူးကို ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ် (ဖလမ်းမြို့နယ်) ၊ ချင်းပြည်နယ်ပြင်ပ (ကလေး ၊ ကဘော်) နှင့် နိုင်ငံတကာမှ ချင်းလူမျိုးများတွေ့ဆုံ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းအမျိုးသားများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသော လူ့ဘောင်တည်ဆောက်ရေးအတွက် CRPH ၊ NUG ၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ၊ ချင်းနိုင်ငံရေးအစုအဖွဲ့များနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် CNO/CNDF မှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly