တီးတိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားလာချိန် ကန့်သတ်

By ပါခွီး(မဇ္စျိမ)
05 October 2023
တီးတိန် နယ်စပ်ကုန်သွယ်ရေးလမ်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားလာချိန် ကန့်သတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေအတွင်း ဖြတ်သန်းချိန်ကန့်သတ်လိုက်ကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့တခုဖြစ်သော PDF Zoland (B- 5) Mountain Eagle အောက်တိုဘာလ ၄ ရက်နေ့ကထုတ် ပြန်ထားသည်။

တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ကျေးရွာနှင့် နယ်စပ်မျဥ်းကြောင်းအနီးရှိ ခေါ်မွှိုင်း(တီအိုချာင်း)အကြား ညနေ ၆ နာရီ မှ နံနက် ၇ နာရီ ၃၀ မိနစ်အတွင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

“စစ်ခွေး(စစ်ကောင်စီတပ်)တွေက အချိန်မတော်သွားတဲ့ကားတွေကို လှမ်းလှမ်းပြီး သေနတ်နဲ့ပစ်တာရှိ တယ်။ ညအချိန်မတော်ထွက်လာပြီး လှုပ်ရှားမှုတွေရှိတဲ့အတွက် ပြည်သူလူထုလုံခြုံရေးအတွက် အခုလို အချိန်သတ်မှတ်ရတာပါ” ဟု Mountain Eagle သတင်းပြန်ကြားရေးတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်လှုပ်ရှားမှုရှိလာပါက အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောကြောင့် ဒေသခံများနှင့် ခရီးသွား များ၏လုံခြုံရေးအတွက် ယခုကဲ့သို့ သွားလာခွင့် အချိန်သတ်မှတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။

အကယ်၍ ကျန်းမာရေးနှင့် အခြားအရေးပေါ်ကိစ္စများရှိပါက ကြေညာထားသည့် ဖုန်းနံပါတ်များကို သတင်းပို့ပြီးမှသွားလာကြရန်နှင့် သတ်မှတ်ချိန်ကျော်လွန်ပြီး သတင်းမပို့ဘဲသွားလာပါက မည်သို့သော အခြေအနေများတွေ့ကြုံရသည်ဖြစ်စေ တပ်ဖွဲ့အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

“ကာကွယ်ရေးတပ်ဖွဲ့တွေက ကောင်းဖို့ထုတ်ပြန်တာဆိုတော့ လိုက်နာရမှာပေါ့။ အချိန်သတ်မှတ်တဲ့ အတွက် အထူးအထွေဆိုးကျိုးဖြစ်ဖို့တော့ မရှိပါဘူး။ ကားတွေဆိုတာက လမ်းမကောင်းတော့ ပျက်တာ တွေရှိတတ်တော့ အဲဒီလိုမျိုးဆိုရင် နားလည်မှုနဲ့ညှိနှိုင်းလုပ်ပေးရင်ပိုကောင်းတာပေါ့” ဟု ကုန်သည်တဦး က ၎င်း၏အမြင်ကို ပြောသည်။

နယ်စပ် ခေါ်မွိုင်း(တီအိုချောင်း)မှ ကလေးမြို့သို့ နေ့စဥ်ပုံမှန် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ သွားလာလျက်ရှိကြောင်းသိရသည်။
အဆိုပါ တားမြစ်နယ်အတွင်း ရိခေါ်ဒါတပ်စခန်းနှင့် တီအိုချောင်းအပေါ် တပ်ကုန်းတို့တွင် စစ်ကောင်စီ တပ်သားများနေရာယူထားပြီး ယင်းစခန်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သွား ရောက် တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly