မင်းတပ်မြို့သို့လာမည့် စစ်ကောင်စီ၏ ရိက္ခာပို့ယာဥ်တန်းကို တားဆီးရန် CDF ပြင်ဆင်

By ပါခွီး(မဇ္စျိမ)
29 October 2023
မင်းတပ်မြို့သို့လာမည့် စစ်ကောင်စီ၏ ရိက္ခာပို့ယာဥ်တန်းကို တားဆီးရန် CDF ပြင်ဆင်
ပုံအညွှန်း - မင်းတပ် - မတူပီသို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် (ပုံဟောင်း)

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရောက်ရှိနေပြီး ချင်ပြည်နယ် မင်းတပ်နှင့် မတူပီမြို့များသို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန်လာရောက်နေသည့် စစ်ကောင်စီယာဉ်တန်းကို တားဆီနိုင်ရန် ပြင် ဆင်လျက်ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindat ၏ စစ်ဒေသမှူး ဆလိုင်နိုင်တမ်း ကပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ချင်းပြည်နယ်ဘက်သို့ ဦးတည်လာသည်ဟုယူဆရသော မော်တော်ယာဉ် ၈၀ စီး နှင့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို ခုခံတားဆီးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“မင်းတပ်ကို မရောက်အောင်၊ မကျော်နိုင်အောင် တိုက်နိုင်ဖို့ပြင်ဆင်ထားတယ်။ မင်းတပ်ကို မကျော်နိုင် ရင် မတူပီဗျူဟာနဲ့ပလက်ဝဖက်က ဗျူဟာတွေ အခြေအနေမကောင်းတော့ဘူး။ လာမှာတော့ သေချာ တယ်၊ မလာရင် ဗျူဟာနဲ့ဒကစ ငတ်သေကုန်မှာ” ဟု စစ်ဒေသမှူးက မဇ္စျိမကို ခန့်မှန်းသုံးသပ်ပြောဆို သည်။

အဆိုပါစစ်ကြောင်းကို တိုက်ခိုက်ရန် လက်နက်ခဲယမ်းဖြည့်တင်းထားသော်လည်း အဆင့်မြင့်နည်းပညာ ပစ္စည်းများ လုံလောက်မှုမရှိသေးကြောင်း ဆိုသည်။

အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီစစ်ကြောင်းမှာ ပေါက်မြို့နယ် ကပဖ(၂၄)တပ်တွင်း၌သာရှိ နေသေးပြီး လတ်တလော လှုပ်ရှားမှုမရှိသေးကြောင်း ဆိုသည်။

၂၀၂၂ ခုနှစ်တွင် မကွေးတိုင်းမှတဆင့် ချင်းပြည်နယ် မင်းတပ်-မတူပီသို့ ရိက္ခာပို့ယာဥ် အစီး ၁၀၀နှင့် တပ် သား ၅၀၀ ခန့်ဖြင့် လာရောက်စဥ် CDF – Mindat မှ အကြိမ်ကြိမ် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀၀ ကျော်သေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရရှိသွားကြောင်း ခိုင်လုံသောသတင်းများ အရပြန်လည်သိရှိရသည်ဟု ဆလိုင်းနိုင်တမ်းက ပြောသည်။

ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် ကျောက်ထု-မင်းတပ်ကားလမ်းကို လွန်ခဲ့သည့် ရှစ်လခန့်မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာရန် CDF – Mindat က ထုတ်ပြန်ခဲ့သည်။

အဆိုပါလမ်းပိုင်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လူ၊ မော်တော်ယာဥ်၊ ဆိုင်ကယ်အဝင်အထွက်များကို စနစ်တကျစစ်ဆေးလျက်ရှိနေကြောင်းလည်း ဆလိုင်းနိုင်တမ်းက ဆို သည်။

ယင်းသို့ စစ်ဆေးဆောင်ရွက်လျှက်ရှိရာတွင် အချို့သောပြည်သူများသည် သတ်မှတ်အချိန်ထက် ကျော် လွန်ပြီးမှ ဖြတ်သန်းသွားလာခြင်းမျိုးရှိနေပြီး အချိန်ကျော်လွန် ဖြတ်သန်းသွားလာပါက CDF–Mindat အနေဖြင့် လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က အသိပေးချက်ထုတ်ပြန် ထားသည်။

အရေးပေါ်အကြောင်းဖြင့် သွားလာရန်လိုအပ်ပါက ကာကွယ်ရေးအဖွဲ့ထံ ခွင့်တောင်းရန်နှင့် မြို့အဝင်တွင် စစ်ကောင်စီဂိတ်များလည်းရှိ၍ ပြည်သူများအတွက်စိုးရိမ်သဖြင့် ယခုကဲ့သို့ ထုတ်ပြန်အသိပေးရခြင်းဖြစ် ကြောင်း စစ်ဒေသမှူးကပြောကြားသည်။

၂၀၂၃ ခုနှစ် မတ်လအတွင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့သိုထွက်ခွာလာသည့် သံချပ်ကားနှစ်စီအပါအဝင် မော်တော်ယာဥ် ၃၀ နှင့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ၏ ရိက္ခာပို့ယာဉ် တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များက တလကျော်ကြာ လမ်းတလျောက်မှ ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပါယာဥ်များအားလုံး ဖျက်ဆီးနိုင်ခဲ့သည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly