ရှမ်းမြောက်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ၃ ဦး ဖမ်းမိ ကြောင်း BPLA ထုတ်ပြန်

By MTO(မဇ္ဈိမ)
29 October 2023
ရှမ်းမြောက်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄၀ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်အပါအဝင် ၃ ဦး ဖမ်းမိ ကြောင်း BPLA ထုတ်ပြန်

ရှမ်းမြောက်ဒေသရှိ ဗမာ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် မဟာမိတ်တပ်များ ထိန်းချုပ် နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့ချဉ်းကပ်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း BPLA အဖွဲ့က ထုတ် ပြန်ထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တပ်မ(၃၃)လက်အောက်ခံ စစ်ကိုင်းအခြေစိုက် ခမရ(၁၃) သည် အင်အား ၇၀ ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တနာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း BPLA အဖွဲ့၏ ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက်တွင် မဟာမိတ်တပ်ဖွဲ့များဘက်မှ စစ်ကူများရောက်လာသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ  နီးစပ်ရာ ကျေးရွာများအတွင်းသို့ထွက်ပြေးသွားပြီး ပြည်သူများကို ဓားစာခံပြုလုပ်ထား၍ ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရာ ညနေ ၅ နာရီခန့်တွင် တိုက်ပွဲကိုအပြီးသတ်နိုင်ခဲ့ပြီး ရန်သူအလောင်း ၄၀ ကျော်နှင့် စစ်သုံ့ ပန်းအဖြစ် ဗိုလ်ကြီးနေလင်းအောင်အပါအဝင်သုံးဦးကို အရှင်ဖမ်းမိခဲ့ကြောင်း BPLA က အသိပေးထုတ် ပြန်ထားသည်။

“ ကျွန်တော်တို့က မြောက်ပိုင်းမှာရှိတဲ့ အမှတ် (၂၀၃)စစ်ဒေသ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ရေးကွပ်ကဲမှုအောက် ကနေ လှုပ်ရှားတာပါ။ ခုလက်ရှိ ရှမ်းမြောက်မှာဖြစ်နေတဲ့တိုက်ပွဲတွေက  Operation 1027 အောက်ကဖြစ် ပါတယ်” ဟု BPLA တပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း ဗမာ့လွတ်မြောက်ရေးတပ်မတော်(BPLA)မှ ရဲဘော်လေးဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း BPLA အဖွဲ့ ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တိုက်ပွဲအတွင်း BPLA အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA Series ရိုင်ဖယ် ၃၀ လက်၊ စက်ကလေးသုံးလက်၊ ၄၀ မမ ခြောက်လက်နှင့် ကျည် ၈၀ တောင့် ၊ ၆၀ မမလက်နှင့် ကျည် ၆၀ တောင့်၊ ၈၀ မမ တလက်၊ ၁၀၀ မမ နှစ်လက်နှင့် ကျည် ၁‌၀‌ တောင့်၊ RPG နှစ်လက်နှင့် ကျည် ၁၀ တောင့်၊ ပစ္စတိုနှစ်လက်၊ ဆက်သွယ်ရေးစက်သုံးလုံး၊ Drone detector တခု၊ Wi Fi Router တခုနှင့် အခြား စစ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

ဗမာ့လွတ်မြောက်ရေးတပ်မတော်(BPLA) အနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း အသိပေး ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required