1027 Operation စစ်ဆင်ရေးကို အညာဒေသလူထု ထောက်ခံ

By ပါခွီး(မဇ္စျိမ)
29 October 2023
1027 Operation စစ်ဆင်ရေးကို အညာဒေသလူထု ထောက်ခံ

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က 1027 Operation စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီ တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ် အညာဒေသရှိလူထုမှထောက်ခံကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မဟာမိတ်သုံးဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း အပေါ် ရွှေဥက္ကံလူထုနှင့် ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများစုပေါင်းထားသည့် ကျေးရွာပေါင်းစုံသပိတ်တို့မှ ဖယောင်းတိုင်များထွန်းညှိပြီး ကြွေးကြော်သံများဖြင့် ထောက်ခံလိုက်ခြင်းဖြစ် သည်။

“အညာဒေသမှ တော်လှန်သော ပြည်သူလူထုအပေါင်းတို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ ညီနောင် မဟာမိတ်သုံးဖွဲ့ဦးဆောင်သော မဟာမိတ်တော်လှန်ရေးအင်အားစုများ၏ 1027 စစ်ဆင်ရေးအား အညာ ပြည်သူလူထုအပေါင်းမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်” ဟု ပြောကြားသည်။

မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/ MNDAA) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့သည် အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်နေခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly