နမ့်ပေါင်ရွာကို MNDAA နှင့် မဟာမိတ်များ ထိန်းချုပ်၊ ရဲစခန်းမီးလောင်၍ စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်

နမ့်ပေါင်ရွာကို MNDAA နှင့် မဟာမိတ်များ ထိန်းချုပ်၊ ရဲစခန်းမီးလောင်၍ စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၏အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာရှိ နမ့်ပေါင်ကျေး ရွာအား မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ထိန်းချုပ်ထားပြီး နမ့်ပေါင်နယ်မြေရဲစခန်းမီးလောင်၍ စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်နေ ကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

“မဟာမိတ်တပ်ပေါင်းစု ရွာထဲကိုဝင်လာပြီး ရဲစခန်းနားမှာ အပြန်အလှန်ပစ်ကြတာ။ ရဲစခန်းမီးလောင်တာ တွေ့တယ်။ အခုတော့ ငြိမ်သွားတယ်၊ တပ်ပေါင်းစုဘက်က သိမ်းလိုက်ပြီကြားတယ်” ဟု နမ့်ပေါင်ကျေး ရွာမှ ဒေသခံက မဇ္ဈိမကိုပြောသည်။

နမ့်ပေါင်ကျေးရွာအတွင်း ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၂ နာရီခန့်မှစတင်ကာ ပစ်ခတ်နေကြ ခြင်းဖြစ်ပြီး ရဲစခန်းကိုသိမ်းပိုက်ပြီးသည့်နောက် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်နေကြောင်း ဒေသခံမှပြောသည်။

“ဒီနေ့တော့ တနေကုန် လေကြောင်းကပစ်တယ်၊ အမှတ် (၂၉၁)စစ်တပ်လည်းရှိတယ်။ အခု အဲဒီဘက်ကို ဆက်တက်သွားတယ်။ တပ်က မိန်းမတွေ၊ ကလေးတွေလည်း ပြေးကုန်ပြီမရှိကြတော့ဘူး” ဟု နမ့်ပေါင် ရွာဒေသခံမှ ပြောသည်။

နမ့်ပေါင်ကျေးရွာအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့ကပင် ပစ်ခတ်မှုများစတင်နေခြင်းဖြစ်ပြီး ယနေ့ နံနက် ၂ နာရီခန့်မှစတင်ကာ အပြန်အလှန်ပစ်ခတ်မှုများပြင်းထန်ခဲ့ကြောင်းနှင့် ညနေပိုင်းတွင် ပစ်ခတ်သံ များငြိမ်သက်သွားကာ တပ်ပေါင်းစုမှတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းတပ်ဖြန့်လှုပ်ရှားနေသည်ကို တွေ့မြင် ရကြောင်း နမ့်ပေါင်ဒေသခံများမှပြောသည်။

“ရွာကလူတွေတော့ ပစ်နေတဲ့အချိန်မှာ ဘုန်းကြီးကျောင်း သွားရှောင်သူတွေလည်း ရှောင်နေကြတယ်။ အခုတော့ အိမ်ပြန်လာနေကြပြီ” ဟု ယနေ့ ည ၆ နာရီခန့်တွင် နမ့်ပေါင်ရွာဒေသခံမှပြောသည်။

လားရှိုးမြို့၏ အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကိုလည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းယူခဲ့ပြီး လက်ရှိတွင် လားရှိုးမြို့အတွင်း၌လည်း ပစ်ခတ်သံများဆူညံနေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly