ရေစကြိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီသား ၄ ဦးသေဆုံး၊ ၅ဦးဒဏ်ရာရ

By ဓါတု(မဇ္ဈိမ)
29 October 2023
ရေစကြိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီသား ၄ ဦးသေဆုံး၊ ၅ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်အင်အားစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံး၍ ငါး ဦးဒဏ်ရာရကြောင်း ယနေ့အောက်တိုဘာ လ၂၉ရက်တွင် Myingyan Black Tigerအဖွဲ့က
ထုတ်ပြန်သည်။

“စကစ(စစ်ကောင်စီတပ်သား) လေးယောက်သေတယ်လို့ပြောတယ်။ ရှေ့နှစ်ရက်ကတော့ တိုက်ပွဲဖြစ်ပေမယ့်ခဏလေးပဲ ၂၈ ရက်နေ့ကမှ တကယ့် battle (ထိတွေ့တိုက်ပွဲ)ဖြစ်ခဲ့တယ် ။ ကျွန်တော်တို့ဘက်ကတပ်ကျွံသွားတော့ ပိတ်မိသလိုဖြစ်တဲ့အချိန် တိုက်ပွဲထဲမပါတဲ့အဖွဲ့တွေက ကျွန်တော်တို့ဘက်ကနေပြီး ဝိုင်းကူပစ်ပေးခဲ့တယ်"ဟု ဖရဲသီးထံမှ ရရှိသည့်သတင်းအချို့ကိုကိုးကားကာ Myingyan Black Tiger (MBT)တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၂၆ ရက်က ရေစကြိုဘက်မှ စက်လှေများဖြင့် ကမ်းကူးပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်အင်အားစုတို့ တိုက်ပွဲဖြစ်ပွါးခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၂၈ ရက် နေ့လယ် ၁၂နာရီတွင် ရွှေလှံရွာအနီး၌  လေးနာရီကြာမြင့်သည်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲတွင် Myingyan Black Tiger တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်အင်အားစုအဖွဲ့တို့က စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်ကျွံသွား၍ အပိတ်ခံရစဉ် ရေစကြိုတဖက်ကမ်း ရေလယ်ကျွန်းနှင့် မြောင်နယ်ရှိ အခြားသော မဟာမိတ်တပ်ဖွဲ့များက ဒရုန်းများ၊လက်လုပ် ၆၀ များနှင့်အခြားသောလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သောကြောင့် MBTနှင့် မဟာမိတ်အင်အားစု၏ စစ်ကြောင်းများ ညနေ၆နာရီတွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲတွင် Myingyan Black Tiger၊Popa Production & Guerilla Force (PPGF)၊TLK ပြောက်ကျားတပ်၊NY- PDF၊ဗိုလ်ခြောက်ဆယ်၊Bright Stars Group ၊Royal Eagle People Defence Force၊ဗိုလ်ခြောက်ဆယ် ပြောက်ကျားတပ်၊နဂါးညီနောင်တပ်ဖွဲ့နှင့် အခြားသော ညီနောင်မဟာမိတ် အင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများကို ထိထိရောက်ရောက် လက်တုံ့ပြန်ရန် ရည်ရွယ်ချက်ဖြင့် Myingyan Black Tiger (MBT)၏ "အညာမှာ မုန်တိုင်းထန်ဖို့ Myingyan Black Tiger (MBT)ကို မောင်းပြန် ငါးလက်၊ကျည် ၅၀၀၀ ထောက်ကူစို့ " နှစ်လတာ ကမ်ပိန်းတွင်  ပါဝင်ကူညီပေးကြပါရန် MBT တပ်ဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ကမ်ပိန်းကာလသည် အောက်တိုဘာလ ၂၂  ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ဖြစ်၍ Myingyan Black Tiger(MBT) လူမှုကွန်ရက်စာမျက်နှာ နှင့် https://t.me/myingyanblacktiger သို့ ကူညီထောက်ပံ့ပေးနိုင်ကြောင်း ဖော်ပြထားသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly