ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများအား (၁၀၂၇) စစ်ဆင်ရေးအဖြစ် တပြိုင်နက် တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။
ပြည်သူလူထုကို ခုခံကာကွယ်နိုင်ရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေး၊ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နှင်းရန် Operation 1027 - (၁၀၂၇) စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့က ယနေ့ နံနက်တွင် ပူးတွဲ ကြေညာလိုက်ခြင်းဖြစ်သည်။
ယနေ့ မနက်အစောပိုင်းတွင် တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်မြို့ အကောက်ခွန်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ချင်းရွှေဟော်မြို့ကိုလည်း MNDAA က ထိန်းချုပ်ထားကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း အဆိုပါရုံးရှိ စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။
ချင်းရွှေဟော်အပြင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း MNDAA က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လောက်ကိုင်မြို့ ဒေသခံများထံက သတင်းရရှိသည်။
သည့်အပြင် နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကာလမ်းရှိ စစ်ကောင်စီ၏ (၁၃) မိုင်စခန်းနှင့် မိုက်ခရိုဝိတ် တပ်စခန်းနှစ်ခုကိုလည်း တအာင်းတပ်မတော် TNLAက သိမ်းလိုက်ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားကြသည်ကို တွေ့ရသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့၏ Operation 1027 တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်တွင် အထိနာနေပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေများကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သတင်း-ဂျူချန်း၊ ရွှေနွယ်
ရုပ်သံတင်ဆက်၊ တည်းဖြတ်-ဂျူချန်း